Aug 12, 2015

ကျနော်နှင့် သူလိုဖြစ်ချင် သူလိုလုပ်


ကောင်လေး
ဗျာ
ခုတလော ပျောက်လှချည်လား
ပျောက်ဆို ဦးလေးရယ်၊ ညပိုင်းနဲ့ မနက်ပိုင်း ဆိုင်ကယ်တက္ကစီ ဆွဲနေတော့
ဟေ--ဟုတ်လား၊ ပင်ပန်းလိုက်တာကွာ မင့်အစား
ပင်ပန်းလည်း မတတ်နိုင်ဘူး ဦးလေး၊ မိသားစု စားဝတ်နေရေးက ရှိသေးတယ်
မင်း မဏ္ဍပ်တိုင်တက်တာလေးနဲ့ မစားလောက်ဘူးလားကွာ မင်းကလဲ
သူ့ဟာသူဆို လောက်အောင် ချွေတာသုံးရင် လောက်ပါတယ်၊ သာရေး နာရေး လူမှုရေးတွေ ပေါ်လာရင် အလင်က မမီချင်တော့ဘူး၊ ခုလို သီတင်းကျွတ်ရင် မင်္ဂလာဆောင် ဖိတ်စာတွေက ပလူကို ပျံနေတာ၊ မသွားလို့ မကောင်းတဲ့မိတ်ဆွေ တွေဆိုရင် မဖြစ်ဖြစ်အောင် သွားရတယ်လေ၊ ကိုယ်လည်း အများကြီး
လက်ဖွဲ့ချင်ပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ သွားနေရတာပဲ ဦးလေး၊ အဲတော့မိသားစု စားမယ့် အထဲက ဖဲ့ဖဲ့လိုက်နေရတော့ တစ်လ တစ်လ အလင်မမီချင်တော့ဘူး၊ ပီးတော့ သားသမီးတွေ ရဲ့ ကျောင်းစရိတ် ကျူရှင်စရိတ်ကလည်း မသက်သာဘူး၊ အဲဒါကြောင့် အပိုဝင်ငွေလေးမှ ရရဆို ဆိုင်ကယ် တက္ကစီလေး ဆွဲလိုက်တော့ ---
အဆင်ပြေသွားတယ်ပေါ့
တစ်ခါတစ်လေလည်း အဆင်ပြေပါတယ် အုံနာကြေး ဆီဘိုးနှုတ်ပြီး ကိုယ်တွက်
တစ်ထောင် ထောင့်ငါးရာ အဲလောက်တော့ ကျန်ပါတယ်၊ တစ်ခါတစ်လေလည်း
အိတ်စိုက်တဲ့အခါလည်း ရှိတာပေါ့
ဘယ်လို အိတ်စိုက်လဲကွ
ဘီးပေါက်တဲ့အခါ တစ်ခါက နှစ်ခါ သုံးခါ ဖာပီးရင် ကျွတ်က မကောင်းတော့ဘူး အဲတော့ အသစ် ဝယ်လဲထည့်ရရော၊ ခရီးသည်က မရဘဲ ကျွတ်ဝယ်လဲရတဲ့အခါမျိုးဆို အဲဒီနေ့ဂန့်ကြောနင်းတာပဲဦးလေးရေ
အေးကွာ မင်းဟာကလဲ မလွယ်ပါလား
ဟုတ်တယ် မလွယ်ဘူး ဦးလေး၊ ညပိုင်းကို ၉နာရီလောက်အထိ ကားဂိတ်မှာ ခရီးသည်ရှာ၊ မနက်တစ်ခါ ၄နာရီခွဲ ၅နာရီလောက် ပြန်ထပြီးပြေး၊ အလုပ်ချိန်အမီ ပြန်ပြေးလာ၊ အလုပ်ထဲရောက်တော့လည်း အိပ်ရေးက မဝတော့ငိုက်ချင်တာပေါ့ ဦးလေးရယ်၊ ငိုက်လို့ကလည်းမဖြစ်ဘူး မဏ္ဍပ်တိုင်တက်နေတဲ့ကောင် ဆိုတော့ တစ်ချက်ငိုက်တနဲ့ ပြုတ်ကျပြီး မသာကပေါ်ဦးမှာဆိုတော့ သတိထားလုပ်နေရ တယ်၊ နေ့စဉ်ကြီးဆိုတော့လည်း ဘယ်ခံနိုင်တော့မလဲ ဦးလေးရယ်၊ အလုပ်ရှင်က မြင်သွားရင် အအော် အငေါက်က ခံရသေးတာ၊ ဟိုတစ်လောက ဘဝတူတစ်ယောက် ကျနော်လိုပဲ သူလည်း တက္ကစီ ဆွဲနေတာ အဲဒါ ငိုက်ရင်း ပြုတ်ကျတာ မသေလို့ကံကောင်း၊ ခု ခါးနာပြီး အလုပ်တောင် မဆင်းနိုင်ဘူး
စိတ်မကောင်းလိုက်တာကွာ အဲသလိုကြားရတော့၊ ဒါနဲ့ မင်းတို့ အလုပ်ရှင်ကို အကျိုးအကြောင်းပြောပြပြီး လုပ်ခလေးဘာလေး နည်းနည်းပါးပါး တိုးတောင်းကြည့်လို့ မရဘူးလား အဲသလိုဆို မင်းလည်း နောက်တစ်ခု ထပ်မလုပ်ရတော့ အိပ်ရေးလည်းဝ အလုပ်လည်းအဆင်ပြေ
အင်း တစ်နေ့နေ့တော့ ဖြစ်လာတန်ကောင်းပါရဲ့၊ ခုတော့ မဖြစ်နိုင်လောက်သေးဘူးထင်တယ်
ဘာလို့လဲကွ
ခု သူဌေးက နောက်ထပ် တိုက်တစ်လုံး အသစ်ထပ်ဆောက်နေတယ်၊ အဲဒါ ငွေက တော်တော်ကုန်ဦးမှာ ဆိုပဲ၊ ပီးတော့ သူ့သားသမီးတွေရဲ့ပညာသင်စရိတ်ကလည်း အရမ်းကြီးတယ်လေ အစိုးရကျောင်းတောင် ထားတာမဟုတ်ဘူး ဒီတော့ ကုန်ပီပေါ့၊ သားသမီးတွေရဲ့ မွေးနေ့ပွဲတွေလည်း ကျင်းပပေးထားတာ ဘာကြာသေးလို့လဲ၊ ကုန်လိုက်တာတော့ မပြောနဲ့ ကျနော်တို့ မိသားစု တစ်နှစ်လောက် ထိုင်စားလို့
ရလောက်တယ်၊ ကိုယ်တွေရဲ့ သားသမီးတော့ ဘယာကြော်လေး ၃ ခု ဘုန်းကြီး ဆွမ်းလောင်းလိုက်ရင် ပီးပီ၊ နောက်ပီး ဒီနှစ်တော့ မလွယ်ဘူးဆိုတာ အဲဒါတွေအပြင် မဏ္ဍပ်တွေက မိုးမိပျက်စီး ထားတော့ ပြန်ပြင် ပြန်လုပ်ရမှာလေ အဲဒါလည်း ကုန်ဦးမှာ၊ မလွယ်ပါဘူး ဦးလေးရယ် တော်ကြာ လုပ်ခတိုးတောင်းလို့ သည်လောက်တောင် အကုန်အကျများနေတာ မသိဘူးလား နွားရ ဆိုနားထင် 
ကော်သပ်ခံနေရပါဦးမယ်၊ နားထင် အကော်သပ်ခံရတာ အရေးမကြီးဘူး ထိုင်နေအကောင်းသား ထသွားမှ ကျိုးဆိုသလို အလုပ်ပါဖြုတ်ထည့်လိုက်လို့ ဖွတ်မရပဲ ဓါးမပါ ဆုံးနေပါဦးမယ် ဦးလေးရယ် တော်ပါ
မင်းဟာကလည်း မင်းကတောင် သူဌေး ပြန်သနားနေသလိုပဲ၊ ခု မင်းမှာ ဆန်ဘယ်လောက်ရှိလဲ အိမ်မှာ
၎ ဗူး
၂ ဗူးသွားပေးလိုက်ကွာ မျှတစားကြစမ်းဟေ့၊ လူဆိုတာ အဲလို သိတတ်ရတယ်ကွ၊ ငါဖြင့် ကြားကနေ မင်းတို့ သူဌေးကို သနားလွန်းလို့၊ ငါသောက်နေတဲ့ ထမင်းရည်ပါ ကူသောက်လှည့်ပါဦးလို့ ပြောလိုက်စမ်းကွာ
ကျနော်တို့ အလုပ်ရှင်ကို မနောက်ပါနဲ့ဗျ
မနောက်ပါဘူးဟ သနားလွန်းလို့ပါ၊ မင်းလည်း ငယ်ပါသေးတယ်ကွာ ကြိုးစားပေါ့  တစ်နေ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်အောင် သူလိုဖြစ်ချင် သူလိုလုပ် အဟုတ်ဖြစ်ရမှာပေါ့
သူလိုတော့ မဖြစ်ချင်ဘူး ကျနော် ဖြစ်ချင်တာ ဦးလေးလိုဗျ 
တကယ်ပြောတာလား ငါကဘာတွေများ တော်နေလို့ ငါလို ဖြစ်ချင်ရတာလဲ ကောင်လေးရ---
ဦးလေးလို ဖြစ်ချင်တာများ လွယ်လွယ်လေး
ကဲ ပြောပါဦး ဘယ်လို လုပ်မလဲ
ဒီကနေ့ည ဦးလေး အိမ်ပြန်မအိပ်နဲ့
အဲဒီတော့
အဒေါ့်နား ကျနော် သွားအိပ်လိုက်မယ်လေ ဟုတ်ဘူးလား
သေဂျင်းဇိုးနဲ့ သေမယ့် မသာလေး ။ ။

No comments:

Post a Comment