Aug 10, 2015

ကူးတို့သမားနှင့်လူတတ်ကြီး


ကောင်လေး
ဗျာ

မင်း ကွန်ပျူတာ တတ်သလား

တတ်ပါဘူးဗျာ

မင်းတော်တော် ညံ့တာပဲ၊ ငါသင်ပေးရမလား

ဟာ--နေပါ့စေဗျာ၊ ဒီအရွယ်ကြီးကျမှ၊ ကိုယ့်အလုပ်နဲ့လည်း တစ်ခြားစီ ဆရာရယ်၊ ကိုယ့်ဟာကိုယ်ပဲ လှေလှော်ပဲစားပါ့မယ်
what a pity

အဲဒါ ဘာပြောတာလဲခင်ဗျာ

သနားစရာကောင်းတဲ့ ကောင်လို့ ပြောတာကွာ၊ မင်း--အင်္ဂလိပ်စာလည်း တတ်ပုံ မရပါဘူး

အထင်မသေးပါနဲ့ ဆရာ၊ BA တော့ အောင်ပြီးပါပြီ

ဟင်---ဟုတ်ရဲ့လားကွာ၊ မင်းလို ကူးတို့ ပို့စားတဲ့ကောင်က BA အောင်တယ်ဆိုတာ၊ ငါ တော့ မယုံဘူးဟေ့

ဘီအေ အောင်တယ်ဆိုတာဘီနဲ့အေနဲ့ နှစ်လုံးထဲသိတာကို ပြောတာပါဆရာရယ် ဟဲဟဲ

တော်တော် နောက်တဲ့ကောင် what a pity ---!

သနားစရာကောင်လို့ ပြောလိုက်တာမဟုတ်လား ဆရာ

အေးကွ မင်း မဆိုးဘူး၊ အတတ်မြန်၊ အမှတ်မြန်သားပဲ၊ သင်ပါ့လားကွ မင်း အင်္ဂလိပ်စာ တတ်သွားရင် အနည်းဆုံး ဂိုက်လုပ်စားဦး ဝင်ငွေ မဆိုးဘူး၊ နိုင်ငံခြားသားတွေ လှေပေါ်တင်ပြီး စကားပြန်လုပ်စားတော့ တို့ ကုန်းပေါ်က ဆိုက်ကားသမားတွေလို ဝင်ငွေ နှစ်မျိုးရတာပေါ့

နေပါ့စေ ဆရာရယ် ကိုယ့်လှေကိုယ် အေးအေးဆေးဆေး လှော်နေတာပဲ ကောင်းပါတယ်

ဒါဆို ကွန်ပျူတာ သင်ကွာ၊ ကွန်ပျူတာတတ်တော့ လူ နည်းနည်းတော့ အထင်ကြီး ခံရတာပေါ့

မလုပ်ပါနဲ့ ဆရာရယ်၊ ဒူးနေရာဒူး တော်နေရာတော်ပဲ ကောင်းပါတယ်၊ ဒီအချိန်ကျမှ ကျည်ပွေ့လည်း အတက်မပေါက်နိုင်တော့ပါဘူး

what a pity

ကျနော် မပြောတော့ဘူးနော် ဆရာ၊ အော် ဒါ နဲ့ ဆရာ၊ ဆရာ ရေကူးတတ်သလား

ဟ ကူးတတ်တာပေါ့ကွ၊ ငါ မတတ်တာ ဘာမှကို မရှိဘူး၊ ဘာဖြစ်လို့လဲ
အော်--- ဆရာ ရေကူးတတ်ရင်လည်း ပြီးတာပါပဲ၊ ဟိုမှာ မိုးတွေ ညို့လာလို့ မိုးသက်လေပြင်း ကျ တော့ မယ် အဲဒါ ပြောမလို့
ဟား ဟား ဟား လာစမ်းပါ၊ မိုးသက်လေပြင်းမကလို့ မိုးသက် မုန်တိုင်းလာလာ အီဖေကိုယ်တို့က အားလုံးတတ်တယ်ကွ ကောင်လေးရ ၊ မင်း---ငါ့ကို what a pity ပြန် လုပ် လို့ မရတော့ဘူး မဟုတ် လား ဟား ဟား ဟား
 
(တေဂျင်းဂျိုးကြီး ပုံပြင်ထဲက အတိုင်းလဲ မဟုတ်ဘူး၊ အဟုတ် ပွဲကို ပျက်ကရော၊ ငါ--ကွာ---လှော်တက်နဲ့ ခေါင်း ဆော် ထည့်လိုက်ရ မကောင်းရှိရော့မယ်---တောက်)

No comments:

Post a Comment