ဦးလေး
မင်း လာပြန်ပလား
ဦးလေးပဲ နေ့လည်မှ လာဆို
မင်းမျက်နှာ မမြင်ရ ပီးရောဆို ပြောလိုက်တာ
လူကြီး လူကြီးစကားမပြောဘူး၊ ဗလောင်း ဗလဲ သိပ်နိုင်တာပဲ
မင်းလိုကောင်မျိုး နိုင်လည်း ငါ့အတွက်ဘာမှ ထူးထွေ နစ်နာသွားစရာ အကြောင်းမရှိဘူး
တော်ပါတော့ ဦးလေးရာ၊ ကိုတူ ကိုယ့်သားအရွယ်နဲ့ ဖက်ပြိုင်ပီး စကားနိုင် လုမနေပါနဲ့
မင့်လိုကောင်မျိုးတော့ သားမတော်ချင်ပေါင်ဗျာ
ဘာလို့လဲ
မင်းအမေကြီးက လှမှ မလှပဲကွ၊ ပီးတော့ ပြားကပ်နေတာ
ဟာ--ဦးလေးက တဏှာရူးပဲ
ရူးတော့ ဘာလုပ်ချင်လဲကွာ
တော်ပီ တော်ပီ ဒါနဲ့ လာရင်းကိစ္စ ပျောက်တော့မယ်၊ ခု ကျနော် အလုပ်မရှိဘူး
ဘာလုပ်ရမလဲ
မင်းလောက် အလုပ်များတာ မင်းရှိတယ်
ခု လောလောဆယ် မရှိလို့ပါ ဆိုမှ
လူဆိုတာ ကြီးပွားအောင်မြင်ချင်ရင် စိုက်လိုက်မတ်တပ်လုပ်ရတယ်ကွ၊ မင်း
အခုလို ဖြစ်တာလည်း မပြောနဲ့ မင်းစိတ်က တည်မှ မတည်ငြိမ်ပဲ၊ မျောက်လို
ဟိုခုန်လိုက် ဒီခုန်လိုက်နဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ ဇောက်ချ မလုပ်ဘူး၊ အဲတော့
ဟိုဟာလည်း မတတ် ဒီဟာလည်း မတတ်
ဦးလေး ကျနော့်ကို အကြံဥာဏ်ပေးမှာလား ခွင်ရတုန်း နှိပ်ကွပ်မယ်ဆိုတဲ့
စိတ်ပုပ်ကြီးနဲ့လား
မင်း ငါ့ကို ဆရာတင်ပီး အကြံလိုချင်လို့ လာတာမဟုတ်လား
ဟုတ်တယ်လေ
ဒါဆိုလည်း ငါပြောတာ ငြိမ်ငြိမ်နားထောင်လေ၊ ဘာလို့ ခွေးလို ပြန်ကိုက်နေတာလဲ၊
မင်း မဟုတ်ဘူးလား ပြော၊ မဏ္ဍပ်တိုင်လည်း တက်လိုက်တာပဲ၊ ဆိုင်ကယ်လည်း
ဆွဲလိုက်တာပဲ၊ ဗုံတွေ ပတ်တွေလည်း သရေကြိုးတပ်တဲ့အလုပ် မင်းလုပ်လိုက်တာပဲ
အလုပ်ကို တည်တည်တံ့တံ့လုပ်တာ မင်းမှာ ဘာရှိလည်း
အခြေအနေဲ့အချိန်အခါ လိုက်ပီး လုပ်နေရတာကိုရော ဦးလေး
သိလို့လား၊ ရေခဲရေ ရောင်းတဲ့ အလုပ်ကို တစ်နှစ်ပတ်လုံး လုပ်လို့ရသလား ဦးလေး၊
ဦးလေးပြောသလိုဆို အလုပ်မပြောင်းဘူးကွဆို ဆောင်းတွင်းကြီးလည်း
ရေခဲရေ ရောင်းနေရမှာပဲလား၊ ကျနော်တို့မှာ အတန်းပညာမရှိတော့ သူတကာတွေလို ဘောလ်ပင်လေးကိုင် ကွန်ပျူတာလေးကိုင်ပြီး ထိုင်နေလို့မှ မရတာ၊ လောလောလတ်လတ် ဝင်ငွေရမယ့်အလုပ်ပဲ လိုက်လုပ်နေရတာလေ
မင်းဒီလောက် ပြန်ပြောတတ်နေရဲ့သားနဲ့ ငါ့ဆီ ဘာလို့ လာနေသေးလဲ၊ သဘောတရားကို နားမလည်တဲ့ကောင် ကိုယ့်ဟာကိုယ်ပဲ နေလေ
အော်---နှစ်ယောက်တွေးတော့ ရေးရေးလေးများ ပေါ်မလားလို့ပါ
လက်ရှိ ဆိုင်ကယ်တက္ကစီအလုပ်က တစ်နှစ်ပတ်လုံး လုပ်လို့ ရတယ်လေ၊ အဲဒါကို ကိုယ်ပိုင်ဆိုင်ကယ်နဲ့ဖြစ်အောင်လုပ်ပီး တိုးတက်အောင်လုပ်ပေါ့၊ ကိုယ်က သူများဆီက ငှားပီး လိုက်နေရာကနေ ကိုယ်က ပြန်ငှားပြီး လုပ်စားနိုင်အောင် လုပ်လေ၊ ဟိုတုန်းကလိုလည်း ဆိုင်ကယ်တစ်စီး ဘာမှ ရှိတော့တာမှ မဟုတ်ဘဲ၊ ဆိုင်ကယ်တစ်စီးတောင် အရင်ပိုင်ဆိုင်အောင်တော့ မလုပ်ပဲ စကားလုံးတွေက ပြောလိုက်ရင် အကြီးကြီးတွေ၊ မင်းလိုကောင်မျိုးက ငတ်လို့ကို အတောသတ်မှာ မဟုတ်ဘူး
လူကြီးဆိုတဲ့ ဂုဏ်ဟိတ်ကြီးနဲ့ နှိပ်ကွပ်လှချည်လားခမျာလို့
ဆရာတော့် လေသံနဲ့ပဲ ပြောလိုက်ချင်တော့တယ်ဦးလေးရယ်၊ နှိပ်ကွပ်လှချည်လားဗျာ၊
နှိပ်ကွပ်လှချည်လား၊ အားကိုးရာမဲ့နေတာ ကျနော်ပါဦးလေးရယ်၊ ရေနစ်သူပါခင်ဗျာ
ဝါးကူလို့ မထိုးလိုက်ပါနဲ့ ကူညီပါ ညွှတ်တွား အား ဟား
အာ--ဘာလဲကွာ အသံဇိုးကြီးနဲ့ တွန်းအော်နေတာ အိမ်ကျက်သရေတုံးလိုက်တာ
အော် ဦးလေးရယ် ဒီအချိန်မှာ ကျနော်က နောက်ပိုင်း မင်းသားလေးဆိုတော့
ငိုချင်းလေးဘာလေး ဆိုရတာပေါ့ခင်ဗျာ၊ ဦးလေးက ပြဇာတ်မင်းသားဆိုတော့
တော်ကွာ တော်ကွာ၊ မင်း မားကက်တင်းပရိုမိုးရှင်းဆိုတာကို သိလား
ဗျာ
ဘိစနက် စထရက်တယ်ဂျီ ဆိုတာကို နားလည်လား
ဦးလေး ကျနော့်ကို အဲသလိုကြီးတော့ မလုပ်ပါနဲ့ဦးလေးရယ်၊ ဗမာလို ရိုးရိုးပြောပါ့လားဗျာ
ဗမာလိုပြောရင် ရှည်လျားထွေပြားတယ်ကွ အင်းဂလိ လိုဆို လိုရင်းတိုရှင်း
ကျနော့်နားထဲမှတော့ ဦးသာအေးအိမ်က အကောင်ကြီးလို အစာဆာလည်း ဝူးဝူးဝူးဝူး သူ့ရိုက်လည်း ဝူးဝူးဝူး သူ့ခေါ်လည်း ဝူးဝူးဝူး သူဘာပြောမှန်း ဦးသာအေး မသိသလိုပဲ ကျနော်လည်း ဘာပြောနေမှန်းကို မသိဘူး
မသာလေး၊ မင်းတို့ အဲဒါ ခက်တာပဲ၊ ခေတ်နဲ့အညီ တီးမိခေါက်မိအောင် သင်ထား တတ်ထားရတယ်ကွ၊ ခုခေတ်က အိုင်တီခေတ်၊ မင်းလူငယ်ဖြစ်ပီး ဒီလောက်မှ နားမလည်ဘူးလား
ခေတ်တွေ ဘရစ်တွေ ကျနော် နားမလည်ဘူး၊ ကျနော်နားလည်တာ အခုလောလောဆယ် မိသားစု ထမင်း ပုံမှန် ဘယ်လို စားရမလဲပဲ၊ ဦးလေးဟာက အခြေအနေ အချိန်အခါ လူတန်းစားကို မရွေးတော့ဘူး တစ်ဖက်လူ နားလည်သလား နည်းမလည်သလားလည်း မတွက်တော့ဘူး တစ်ချိန်လုံး ဘိုလိုချည်း မှုတ်နေတော့တာ၊ ကြာတော့ ဦးလေးကို အရပ်ထဲကတောင် ပြောနေကြပီ
ဘာ ပြော လဲ အ ရပ် ထဲ က
အဲဒီလူကြီးနား မသွားနဲ့နော်တဲ့ သွားလို့ကတော့ သူမှုတ်တာနဲ့ မင်းတို့ ယားတတ်သွားမယ်တဲ့ ဟား ဟား ဟား ဟုတ်တယ်ဦးလေးရေ ကျနော်တောင် ခု ယားလာလို့ အဟစ် ဟစ်
မအေဘေးလေး မဟုတ်တာ မပြောနဲ့၊ အရပ်ထဲကဖြင့် ငါ့ကို ခင်ပါ့ ချစ် ကြောက် ရိုသေကြတာမှ မပြောနဲ့တော့
ချစ်ကြောက် မဟုတ်လောက်ပါဘူး ရွံကြောက်နေမှာပါ
ကဲ ခွေးသူတောင်းစား ငါ ထမင်းစားဦးမယ် ပြန်တော့
ပြောလို့ မပြီးသေးဘူးလေ
မပြီးလည်း ပြန်တော့၊ နောက်မှ ထပ်လာ၊ မလာချင်လည်း ဒီမှာ ထိုင်နေတော့
ဧည့်သည်ကို တစ်ခါတည်း ကျွေးလိုက်ပါလား
ကျွေးတော့ ကျွေးချင်ပါတယ်၊ မသထာလို့ကိုမခေါ်တာရှင်းပလား ခွေးသဒေါင်းဇားလေး။။
No comments:
Post a Comment