ကောင်လေး
ဗျာ
ခုတလော မင်းကို ငါကြည့်ကြည့်နေတယ်၊ မင်း မဏ္ဍပ်တိုင် သိပ်တက်ပြလွန်းသလားလို့
အော် ဦးလေးရယ် ဒါကတော့ အဲသလို တက်နေမှလည်း ထမင်းစားရမှာ မဟုတ်လား၊
ဦးလေးပဲစဉ်းစားကြည့်လေ ကျနော်တို့လို မဏ္ဍပ်ဆောက်တဲ့ အလုပ်သမား တွေဆိုတာ
မဏ္ဍပ်ဆောက်ရမှ ဝင်ငွေလေး ရွှင်တာ မဟုတ်လား၊ မင်္ဂလာဆောင်ခန်းမတွေက
အပြိုင်အဆိုင်ပေါ်လာ၊ တရားမဏ္ဍပ်တွေဆိုရင်လည်း စတီးလ်ပစ္စည်းတွေနဲ့ ပေါ်လာ
ဆိုတော့ ဟိုးတုန်းကလိုလည်း မဏ္ဍပ်က သိပ်ဆောက်ရတော့တာ မဟုတ်ဘူးဦးလေးရဲ့၊ အခုလို သီတင်းလည်းကျွတ်ရော ကိုဖိုးစွံ မရွှေစွံတို့ ခန်းမ မရလို့ လျှံထွက်လာတဲ့လူတွေ တစ်ချို့ ခန်းခန်းနားနား မဏ္ဍပ်ကြီးနဲ့ မှ ဆောင်ချင်ကြတဲ့သူတွေ ကြောင့်သာကျနော်တို့ ခုထိ အလုပ် ဆက်ရှိနေတာပေါ့၊ အင်း ကျနော် စဉ်းစားကြည့်တယ်
အငြိမ့်ကတော့ ထားပါတော့ ဇာတ်စင်တွေများ တရားပွဲစင်တွေလို
စတီးလ်ပစ္စည်းတွေနဲ့များပေါ်လာရင် ဟင်း---ရင်လေးပါတယ် ဦးလေးရယ်၊ သီတင်းကျွတ်လွန် တန်ဆောင်မုန်း ကထိန်လရာသီလေး အားခဲပြီး ပဒေသာပင်မဏ္ဍပ်ကလေး စည်တော်ကြီးစင်လေး မုခ်ဦးမဏ္ဍပ်ကလေးတွေတော့လိုက်နေရပါရဲ့၊ ဟော--ကြည့်လေ ဒီနှစ် မထင်မှတ်ပဲ ဆောင်းတွင်းထဲဝင်မှ ကိုရွှေမိုးကတစ်နိုင်ငံလုံးကို သောင်းသောင်းဖျဖျ ရွာလိုက်ပုံများ မဏ္ဍပ်တွေ မိုးရေထိပြီး ပျက်စီးကုန်လို့ အလုပ်ရှင်ခမျာ ချူသံကို ပါလို့ ညည်းလိုက်တာ ဘယ်မှာလာပြီး ကျနော်တို့ ဒီနှစ် မုန့်ဘိုး အပိုဆောင်း ကောင်းကောင်းရလိုက်လို့လဲလို့၊ ကျနော်တို့ကတော့ ထူးဆန်းနေတာပေါ့ ဘယ်သိ မလဲ ဆောင်းတွင်းကြီး မိုးရွာလို့၊ လူကြီးတွေကတော့ ပြောတယ် ဒါ ကုလားတက်မိုးကွ ဟိုးတုန်းက တို့များရဲ့ အရှင်နှစ်ပါးပါတော်မူသွားတာ ဒီမိုးကြောင့်ပေါ့ကွတဲ့ ပြောကြတယ်၊ ၁၈၈၅ခု နိုဝင်ဘာလ ၂၈ ရက်နေ့ဆိုလား၊ ကောင်းလိုက်တဲ့ မိုး ဦးလေးရယ်၊ အော်-- ဒါလေးတောင် မသိဘူးလား၊ ဦးလေးက စာတွေဖတ်ပြီး အတော်ညံ့တာပဲ ကုလားတက်မိုးဆိုတာ ဒီလိုတဲ့ ဦးလေးရဲ့၊ ဆင်ကျုံးခံတပ် သပြေတန်း ခံတပ်အနီး ဧရာဝတီမြစ်ထဲမှာသစ်လုံးချွန်တွေကို ရေအောက်မှာ စိုက်ထားတာတဲ့၊ ရေမျက်နှာပြင်အောက်နဲ့ နှစ်တောင် သုံးတောင်လောက် အကွာထားပြီး အများကြီး စိုက်ထားတာ ကုလားဖြူအင်္ဂလိပ် သင်္ဘောတွေလာရင် သင်္ဘောကို ထိုးခွဲ ဖျက်ဆီးနိုင်အောင် လုပ်ထားကြတာတဲ့၊ အဲသလို သင်္ဘောတွေ ပျက်စီးမှ ကျနော်တို့ မြန်မာသူရဲကောင်းတွေက ဓားတွေ လှံတွေနဲ့ ဝင်ထိုး ဝင်ခုတ်ကြဘို့ ကြံစည်ထားကြ ဆိုပဲ၊ ဖြစ်ချစ်တော့ အခုလို မိုးကကြီးထည့်လိုက်တော့ ဒုဌဝတီမြစ်ရေ ဧရာဝတီမြစ်ရေတွေကြီး ရေအောက်မြှုပ်စိုက်ထားတဲ့သစ်ငုတ်တွေနဲ့ သင်္ဘောဝမ်းဗိုက် နဲ့လွတ်သွားရောတဲ့ ဦးလေးရယ်၊ အဲဒါနဲ့ ကျနော်တို့ အရှင်နှစ်ပါးကိုလွယ်လွယ်ကူကူ ပဲ ခေါ်ဆောင် သွားကြရောတဲ့၊ အဲဒါ ကုလားတက်မိုးပေါ့ ဦးလေးရယ်၊ ခုလည်း အဲသည်မိုးကြောင့် အလုပ်ရှင်မပြောနဲ့ ကျနော်တို့လို မဏ္ဍပ်တိုင် တက်မှထမင်းစားနေရတဲ့ အလုပ်သမားကောင်တောင် ရင်ကိုထိတ်လို့၊ သူဌေး သင်္ဘောမှောက်တာ အရေးမကြီးဘူးဦးလေးရဲ့၊ သူတောင်းစားခွက်ပျောက်နေမှဖြင့်၊ သူတောင်းစား ဆိုတဲ့ အမျိုးကလည်း ထမင်းဝပြန်ရင်လည်း မကောင်းပြန်ဘူး ကဲကဲ ဦးလေးနဲ့ စကားကောင်းနေတာနဲ့ အလုပ်မပြီးပဲ နေတော့မယ်၊ မဏ္ဍပ်တိုင်လေး နောက်တစ်တိုင် ထပ်တက်လိုက်ပါဦးမယ် ဦးလေးရယ် ဟဲ ဟဲ

No comments:
Post a Comment