Aug 8, 2015

ဖာစိတ်မွေး ခွေးဖြစ်မယ်မှတ်


ကောင်လေး--မင်း စီးပွားရေးလုပ်မယ်ဆိုရင် ဖာစိတ်မွေး
ဗျာ---ဘယ်လို
ဖာစိတ်မွေးပါလို့ဆိုမှကွာ
ဖာစိတ်မွေးတော့ ဖာခေါင်းနဲ့ပဲ တွေ့မှာပေါ့ဗျ
ဒါဆိုရင်တော့ မင်းစီးပွားရေးလုပ်စားလို့ မရဘူး အစိုးရဝန်ထမ်းဖြစ်ဖြစ် လခစားဖြစ်ဖြစ် ပြန်လုပ်တော့
အဖြောင့်သွားလို့မရဘူးလား
မရဘူး ကိုယ်ကဝယ်ရင် ဈေးနှိမ် ၊ အပြစ်တွေလျှောက်ပြော ရောင်းတဲ့အခါ ကိုယ့်ပစ္စည်းကို စိန်ရွှေ ရတနာရောင်းသလို အမွှမ်းတင် ဈေးကောင်းရအောင်လုပ် ဒါမှ မြတ်မှာပေါ့ကွ
တော်ပါပြီဗျာ ကိုယ်က စပြီး ရိုးသားမှု မရှိမှတော့  တွေ့မယ့်သူကလည်း ကိုယ်လို ကလိန်ကကျစ်နေမှာပဲ
ကိုက ပိုကျစ်နိုင်မှ စီးပွားရေးအောင်မြင်မှာပေါ့ကွ အဲဒါကြောင့် ဖာစိတ်မွေးလို့ ပြောတာ

ဟုတ်တော့လည်း ဟုတ်ပါသည် သူပြောသလို
အပြင်လောက စီးပွားရေးဆိုတာ သူများထက် နှာတစ်ဖျား သာမှ ကွက်ကျော်မြင်နိုင်မှ တွက်နိုင် ချက်နိုင်မှ တော်ကာကျပါသည်။
အတတ်ပညာတစ်ခုခု အရင်းပြု လုပ်ကိုင်စားသောက်ခြင်းမျိုးမဟုတ်ဘဲ
ပစ္စည်း အရောင်းအဝယ် ကုန်သည်သဘောမျိုး လုပ်မယ်ဆိုရင်တော့ ထူနေ ပိန်းနေ အ, နေ တုံးနေ လို့ကို မရပါဘူး၊ အပင်ပန်း ပိုခံနိုင်ရပါမည်။ မဟုတ်ရင်တော့ နောက်ကောက်ကျရုံမှ တစ်ပါး အခြားမရှိ၊

လကုန်ရင် လစာရမှာပဲလေ ဆိုတဲ့ လခစားနဲ့ ရုံးဝန်ထမ်း ပုံစံမျိုးနဲ့တော့ အပြင်လောက မှာ အေးအေးဆေးဆေး ရင်ဆိုင်ဖြေရှင်းလို့တော့ မရပါဘူး။
အမြဲမပြတ် သွက်လက်နေမှ ရတယ်၊ မျက်စိကို အရှင်ထားရတယ်၊ နို့မဟုတ်ရင်တော့ လခစားကမှ အချိန်တန် ငွေမြင်ရနိုင်သေးတယ်၊ အပြင်လုပ်ငန်းသမားက အရင်းပြုတ် အကြွေးတင် ပရုပ်လုံးလို လုံးပါးပါးရင်း လုပ်ငန်းပါ ပျက်စီးသွားတတ်ပါတယ်၊

ဖာစိတ်မွေးခြင်း ခံယူချက်သည် တစ်နှပ်စားဥာဏ်လို့ပဲ ဆိုချင်ပါသည်။ ရေရှည်မှာ တည်မြဲခိုင်ခံ့ ခြင်း မရှိ၊ အဖြောင့်သွားမယ်ဟေ့ဆိုတဲ့ သူအတွက်တော့ စိတ်ဓာတ် ခိုင်မာဘို့တော့ လိုသည်---ကိုယ်ဘက်က ရိုးသားရင်ပြီးရော သမာသမတ်ကျကျ သွားရင် မရဘူးလား ဆိုတဲ့ အတွေးအခေါ်နဲ့ ဘယ်လိုပဲသွားသွား ဖာခေါင်းတွေ အများကြီးနဲ့ တွေ့ကြုံ၊ အနှိပ်အကွပ်ခံ သင်ခန်းစာရ၊ အထုအထောင်းခံ၊ အဲဒီကနေ ကောင်းသူ ဆိုးသူ ဝေဘန်ပိုင်းခြား ခွဲစိတ်ရင်း ရှေ့ကို တိုးရင်း တိုးရင်းသွားခဲ့တော့

နောက်ပိုင်းမှာ ကိုယ်ဘက်က အဖြောင့်စိတ်ထား သွားတဲ့အခါ အချိန်ကာလ အတိုင်းအတာ တစ်ခုမှာ ရွက်ပုန်းသီးလို ငုတ်လျှိုးကွယ်ပျောက်နေတဲ့ အဖြောင့်သမားချင်းဆိုတာ တိုးရင်း သွားရင်း ကြုံကြိုက် ဆုံတွေ့လာတတ်တာပါပဲ၊ စိတ်ဓာတ်မကျဘဲ ဆက်သွားနေဘို့တော့ လိုပါသည်။ လုပ်နေရင်းလည်း အရင်းအနှီး ခါးမပြတ်ဘို့လည်း ချင့်ချိန်တတ်ရပါမည်။
နို့မဟုတ် လုပ်ငန်းတော့ တတ်သွားပါရဲ့ ငတ်ပြီးကျန်ခဲ့ရင်လည်း ဘာလုပ်တော့မှာလဲ၊

အဲသလို အဖြောင့်သမားချင်းတွေ့တဲ့နောက်တော့ စီးပွားရေးဟာ ရင်းနှီးငွေ မလိုအပ်တော့ပါဘူး၊ ရက်ချိန်းတိကျတဲ့ ကတိတစ်လုံးသာ အရင်းခံရင်း လည်ပတ်လို့ ရသွားပါတော့တယ်၊
ဥပမာ--ကုန်ကြမ်း ၁၅သိန်းဖိုးကို စရံငွေ သုံးသိန်းလောက် သတ်နိုင်ရင်ဘဲ ၂ပတ် သုံးပတ်မက တစ်ခါတစ်လေ ရက်နှစ်ဆယ် တစ်လနီးပါ ရက်ချိန်းရတတ်ပါတယ်၊ အကျေပေးချေရမယ့် ရက်ရောက်ရင်တော့ ရက်မလွန်စေဘဲ ပေးချေနိုင်ဘို့တော့ ကြိုးစားအားထုတ်ရပါမည်။
စရံသတ်ဘို့ ငွေဆိုတာလည်း ကုန်ချောပို့တဲ့ဆီက တစ်ခါ ကိုယ့်အနေနဲ့ ငွေကြို ပြန်ယူလို့ ရတာပါပဲ၊ ပို့ပေးမယ့် ကုန်ပစ္စည်းရဲ့ စရံငွေ ငါးသိန်းလောက်ကို ယူပြီး ကုန်ကြမ်းကို သုံးသိန်းပေး ကျန်တဲ့ နှစ်သိန်းနဲ့ လုပ်ငန်းကို လည်ပတ်သွားဦးတော့ သူ့ရက် သူ့အချိန် ရောက်တဲ့အခါ အရာအားလုံး ဖြေရှင်းပြီး သား ဖြစ်သွားတာပဲလေ။
ဒီလို--အနေအထား ရောက်ဘို့ဆိုတာလည်း ဘယ်လုပ်ငန်းဖြစ်ဖြစ် အနည်းဆုံး သုံးနှစ်တော့ ဇွဲနဘဲ ကြီးဘို့တော့ လိုပါတယ်၊ အဲသလောက် အချိန်အတိုင်းအတာရောက်မှ လုပ်ငန်း သဘောသဘာဝနဲ့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး အထာကျမှာမဟုတ်လား
အချိန်တိုအတွင်းမှာတော့ အောင်မြင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊
အချိန်ရယ် ငွေရယ် ကြိုးစားမှုရယ်တော့ ရင်းရမှာပေါ့၊ အရေးကြီးဆုံးက ကတိမပျက်ဘို့ စိတ်မပျက်မိဘို့ပါ။
သူပြောသလို ဖာစိတ်မွေးနေစရာမလိုပါဘူး၊ တစ်နှပ်စားဥာဏ်နဲ့ ဘယ်အရာမှ မလုပ်မိပါစေနဲ့
အဖြောင့်စိတ်နဲ့ ရဲရဲသွားပါ---လမ်းဆုံးတော့ ရွာတွေ့ပါလိမ့်မယ်လေ။


(အိမ်တွင်းမှု ပြန်စိပ်စက်ကလေးထောင်ပြီး လုပ်ကိုင်ခဲ့စဉ်က အတွေ့အကြုံလေးကို ခံစားရေးဖွဲ့ပါသည်)
(ဓာတ်ပုံ--ကိုယ်ပိုင်---အလုပ်စက်ခန်း)

တစ်ဆက်တည်းပြောချင်တာက
facebook မှာ မင်းသမီး မင်းသားပုံ (ကိုယ့်မူရင်းပုံမဟုတ်)တွေနဲ့ နာမည်အရင်း အသုံးမပြုတဲ့သူဟာ
ကိုယ့်ဘက်က စပြီး ရိုးသားမှု မရှိဘူးလို့ ပြောချင်ပါတယ်၊ 
ကျနော့်မှာ friend အရေအတွက် အလွန်နည်းပါးပါတယ်၊ မိတ်ဆွေအနေနဲ့ အချို့လာ add တဲ့အခါ ဝမ်းသာခြင်းဖြစ်မိပါတယ်၊ ဒါပေမယ့် about မှာဝင်ဖတ်ကြည့်တော့ male တဲ့--ဓာတ်ပုံက ကောင်မလေး ပုံနဲ့၊ ကျနော် ဝမ်းနည်းစွာ လက်မခံဖြစ်ပါဘူး၊
အဲသလို လုပ်တော့ ဘာဖြစ်လဲကွာဆိုရင်လဲ ဘာမှ မဖြစ်ပါဘူး၊ ကြီးကျယ်ပြီး ပြောတာလဲ မဟုတ်ပါဘူး၊ 
ရှင်းရှင်းပြောရရင် လက်မခံပါဘူး၊ မိတ်ဆွေမဖွဲ့ပါဘူး

facebook မှာ ကိုယ့်နာမည် ကိုယ့်ဓာတ်ပုံနဲ့အတူ ယှဉ်တွဲ ဖော်ပြတဲ့သူကို ကိုယ်ကစပြီး မိတ်ဆွေဖွဲ့ဘို့ ဝန်မလေးသလို အဲသလို ပုဂ္ဂိုလ်မျိုး မိတ်ဆွေ ဖွဲ့လာရင်းလည်း အချိန်မဆိုင်းခဲ့ပါဘူး၊ confirm ပါပဲ၊

ထိုသူမျိုးကို သူ့ status တွေမဖတ်ရသေးခင် ကတည်းက လေးစားထားပြီး ဖြစ်ပါသည်။ ထို့ထက်ပို၍ ထိုသူ၏ စာကောင်းပေမွန်များကို ဖတ်ရှုရသည့် အခါ ပို၍ပင် လေးစားရခြင်းကို ဖြစ်ရပြန်ပါသည်။ ထို့ထက် ထို့ထက်---ထိုသူသည် ရဲရဲဝံ့ဝံ့နှင့် အမှန်ကို ပြောရဲခြင်း၊ အရှိကို အရှိအတိုင်း တင်ပြရဲခြင်း စတဲ့ သတ္တိတွေကိုပါ မြင်ရပြန်ပြီဟေ့ဆိုရင်တော့ ကျနော် ထိုသို့သော် ပုဂ္ဂိုလ်မျိုးကို ဦးညွှတ်ဂါရဝမပြုဘဲ နေကို မနေနိုင်ပါဘူး၊
သူအနေနဲ့ ကိုယ့်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ ကိုယ့်ကိုယ် အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကျနော့်ဘက်က လေးလေးစားစားနဲ့ အမှတ်တရ ရှိနေတာကို ပြောချင်တာပါ၊

ကျနော့်မိတ်ဆွေတွေအားလုံး စကားပြောကြည့်တော့လည်း သူတို့တစ်တွေလည်း ကျနော်နဲ့ တစ်သဘော တည်းဆိုတာ တွေ့ရပါတယ်။
ဒါ့ကြောင့်---
ကိုယ့်ဘက်က အရင်ဦးဆုံး အဖြောင့်စိတ် ထားဘို့ပါ---

No comments:

Post a Comment