ဦးလေး
ဘာလဲ
ဦးလေးသွားတွေက အတုတွေလား
မဆီမဆိုင် ဘာလို့ မေးတာလဲ
သိချင်လို့ပါ
အော်လဂျင်နယ်ကွ ခုထိ တစ်ချောင်းမှ မကျိုးသေးဘူး မာတာမှ ဒင် ဒင် နဲ့တောင် နေသေး
အရသာတို့ ဘာတို့ရော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့ အာရုံရော ရှိရဲ့လား
ပြောစရာရှိတာ ပြော ကောင်လေး၊ ဝေ့ဝိုက်မနေနဲ့ အကြောင်းအရင်းက ဘာကို ပြောချင်တာလဲ
ဒါလေး တစ်စိတ်လောက် စားကြည့်ပါ့လား
ဘာဖြစ်လို့လဲ
ဦးလေး သရက်သီးက ချဉ်စုတ်နေတာပဲ၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မေ့လောက်တယ်၊ စေတနာ မပါရင်လည်း အစကတည်းက ချမကျွေးပါနဲ့
သိပ်---မမှည့်သေးလို့ကွ၊ မှည့်ရင် သိပ်ချိုတဲ့ အသီး၊ မင်း ဘာသိလဲ
သည်လောက် ချဉ်တဲ့ဟာ သွားကောင်းတယ်ဆို ဦးလေးကိုယ်တိုင်စားကြည့်
ရှိတာ ချကျွေးတာလေ၊ မင်းလို ငတ်ကြီးကျကို ဘာနဲ့ ဧည့်ခံရမှန်း မသိလို့ နည်းနည်း စိမ်းတာ ခွဲကျွေးတာပဲကွ
နည်းနည်း မှည့်တာ ခွဲတော့ ဘာဖြစ်သွားမှာ မို့လို့လဲ
အဲဒါ ငါစားဘို့ ချန်ထားတာ၊ ကျွေးတာစားပေါ့၊ ချဉ်ရင် ဆားယူမလား
တော်ပီ၊ တစ်စိတ်တော် ဆိုတာ သည်လို အသီးမျိုးကို ပြောတာနေမှာ၊ သည်လောက်ချဉ်တဲ့ သရက်ပင်များ ဘယ်လို လူ့အန္ဓတွေက စိုက်ခဲ့သလဲ မသိပါဘူး
မစားချင်လဲ နေလေ၊ ရှင်းရှင်းပြောရရင် မကောင်းတတ်လို့ ချကျွေးထားတာ၊ မင်းလို ကောင်မျိုးတွေ လော ကမှာ အများကြီးပဲ၊ ရှေးက စိုက်ခဲ့တဲ့သူရဲ့အပင်ကသီးတဲ့ အသီးလည်း စားသေးတယ်၊ ချဉ်လိုက်တာ ဆိုပြီးတော့လည်း အပင်စိုက်ခဲ့တဲ့သူကိုလည်း အပြစ်ဖို့တယ်၊ ကိုယ်တိုင်ကဖြင့် နောင်းလူအတွက် သစ်တစ်ပင် မစိုက်ဘူးဘဲနဲ့၊ ဒါလည်း ကိုယ့်ကိုယ်ကို ငါသိ ငါတတ်ဆိုတဲ့ သောက်အထင်ကြီးလွန်း တဲ့ ကောင်တွေ၊ သောက်ဘဝင်မြင့်လွန်းတဲ့ကောင်တွေ အများဆုံး ဖြစ်တတ်ကြပါတယ်၊ ဥပမာ မင်းလို ဆန်မရှိ သောက်စားကြီးတွေကို ပြောတာ
ဦးလေးဟာက ဘာဆိုင်လို့လဲဗျာ၊ သည် သရက်သီးချဉ်တာလေးပြောမိတာနဲ့ လူကို နှစ်ပြားမတန်၊ ပီးတော့ သစ်ပင်မစိုက်လို့ ဘာလို့၊ ကျနော်က ဘယ်မြေပေါ် သွားစိုက်ရမှာလဲ၊ ကိုယ့်မိသားစုတောင် တံခါးပေါက် ဖွင့်မှ ခြေဆင်းလို့ ရတဲ့ဟာကို၊ ဆန့်ဆန့် ရန့်ရန့် အိပ်ချင်ရင် မတ်တပ်အိပ်ယုံရှိတာပဲ မစိုက်နိုင်တဲ့ ဘဝကိုတော့ အပြစ်မပြောပါနဲ့
အပြစ်ပြောနေတာမဟုတ်ဘူး သူတစ်ဖက်သား စိုက်ထားပြီးသား သစ်ပင်ပေါ်လည်း တက်ထိုင်နေသေး တယ်၊ ရေတစ်ချက်မလောင်း၊ ပေါင်းတစ်ချက် မသင်ပဲ အပင်က သီးတဲ့ အသီးစားပီး စိုက်ပျိုးခဲ့တဲ့ သူတွေကို သောက်ပြစ်စကား မပြောမိစေဘို့ မင်းလို နလဗိန်းတုံးကို ဆုံးမနေတာဟေ့ နားလည်ပလား
ချဉ်တာ ပြောမိတာနဲ့ မတန်လိုက်တဲ့ ငါ့ဘဝ၊ ပိုက်ဆံလေး ၂ ထောင်ချေးမိပီး ကျင်းထဲ အထိ ဆင်းနေရတဲ့ ငါ့ ဘဝ၊ ခိုးသားတွေထဲ ကျသွားတဲ့ ကျေးသားလေးလို သွန်သင် ခံနေရတဲ့ ငါ့ဘဝ၊ ကျနော် ငါးမြားတာပဲ မြင်နေကြသလားဗျာတို့ရဲ့၊ ဖိုးသူတော် တီတူးနေတာရော မြင်ကြတော့ဘူးလားလို့၊ ဘိန်းစားချင်းအတူတူ တစ်လုံးပိုရှူ-------
ဟေ့-----ကောင်
ခ ညာ
မ ခ ညာ နဲ့ ကျက်သရေ တုံးလွန်းလို့ သွားတော့
ဟင့်--သွားဘူး
မသွားလည်း နေခဲ့၊ ငါ တီးသွားဆွဲမလို့
ဒါဆို လိုက်မယ်
သေနာလေး။ ။

No comments:
Post a Comment