Aug 9, 2015

မိန်းမနိုင်နည်းကျူရှင်

အား လုံး လူ စုံ ကြ ပ လား ဟေ့

သင်တန်းဆရာကြီးက အတန်းထဲကို တစ်ချက်ဝေ့ကြည့်ရင်း အသံသြသြကြီးဖြင့်မေးလိုက်သည်။

ဟုတ် ဟုတ် ကဲ့ ဆ ဆ ရာကြီး စုံ စုံကြပါပြီ

မင့် အသံက ဘာလို့ တုန်နေတာလဲ

မိန်းမ မသိအောင် သင်တန်းခိုးတက်ရတော့ အဟဲ နည်းနည်း တော့ တုန်နေပါတယ် ဆရာကြီး

သင်တန်းသားတစ်ယောက်က ပြုံးဖြဲဖြဲလုပ်ရင်းဖြေလိုက်တဲ့ အဖြေကို ဆရာကြီး သိပ်တော့ ဘ၀င်မကျလှ။ ပခုံးကို တွန့်ရင်း

အေးလေ တစ်ရက် နှစ်ရက်လောက် သင်တန်းက လက်ချာမိသွားရင်တော့ မင်း အခုလို တုန်မှာ မဟုတ်တော့ဘူး ဟုတ်ပလား

ဟုတ်ဟုတ်ကဲ့ ဆရာကြီး အားကိုးပါတယ်

မင်းကရော သူ့လို တုန်နေဦးမှာလား
ဟု ဆရာကြီးက စောစောက လူရဲ့ ဘေးက လူကို မျက်လုံးဝေ့ကြည့်ရင်း မေးလိုက်သည်။

ကျနော်ကတော့ လုံးဝကို မတုန်လှုပ်တာပါဆရာကြီး

ဟေ ဟုတ်ကလား ကြိုက်ပဟေ့၊ မင့် နာမည်ဘယ်သူ

ကျနော့်နာမည် ဗလ ပါ ခင်ဗျ

ကောင်းကွ၊ နာမည်နဲ့ သတ္တိနဲ့ လိုက်တယ်ဟေ့၊ ဒါနဲ့ မင့်မိန်းကို တကယ်မကြောက်ဘူးနော်
သေချာတယ်နော်

သေချာပါတယ်ဆရာကြီး၊

အခု လိုက်လာရင် မင်း ဘယ့်နှယ် လုပ်မလဲ

သူ လိုက်မလာနိုင်ပါဘူး ဆရာကြီး

ဘာ ဖြစ် လို့ လဲ

သူ သေသွားတာ ကြာပါပြီ ဆရာကြီး

ဟင်
ဆရာကြီး ရင်ခေါင်းထဲ နင်သွားသည်။ အော် ဒင်းက ဒါကြောင့် အခုလို လေသံက မာနေတာကိုး ဟုလည်း စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

မိန်းမ မရှိဘဲနဲ့ ဘာလို့ ငါ့သင်တန်း လာတက်ရတာလဲ

အဟဲ ဒီလိုပါ ဆရာကြီး ကျနော် နောက်ထပ် တစ်ပင် ထူတော့မှာ မို့လို့ ဟဲ ဟဲ အဲ ဒါ

ပေါက် ပြီ ငါ ပေါက်ပြီ ထားတော့ ထားတော့၊ ကိုင်း အားလုံး နားထောင်၊ မိန်း မ မကြောက်ဘူး ဆိုတဲ့ ကောင် ဒီအထဲမှာ ပါသေးရင်၊ မတ်တပ် ထရပ်လိုက်စမ်း

တစ်ယောက်မှ မလှုပ်၊ ထလည်း မထကြ၊ ဆရာကြီးသည် မိနစ်အနည်းငယ် စောင့်ကြည့်ရင်း

ငါ သိပ်သိတာပေါ့ကွာ၊ မကြောက်တဲ့ ကောင် ဘယ်ရှိမလဲ၊ မရှိလို့လည်း ငါ့သင်တန်းကို လာတက် ကြတာပဲ မဟုတ်လား၊ ဟုတ်တယ် မဟုတ်လားဟေ့ ငါပြောတာ

ဟုတ် ပါ တယ် ဆရာကြီး၊

ဆရာကြီး ပြောတာ မှန်ပါတယ်ဗျို့

တစ်ချို့က ဗျို့ ဆိုတဲ့ အသံတောင် အသံရှည်ဆွဲ အော်ဟစ်နေလိုက်သေးသည်။

ဒါ နဲ့ ဆရာကြီး ဟို အခန်း တံခါးတွေကို ဘာလို့ ပိတ်ထားတာလဲ ဖွင့်လိုက်ပါလား ကျနော်တို့ အိုက်လို့ပါ

ဖွင့်လို့ မဖြစ်ဘူးကွ

ဘာ လို့ လဲ ဆရာ ကြီး

ငါ့ မိန်းမ ၀င် လာ မှ စိုးလို့ ဟာ ဟုတ်ပါဘူး၊ ငါ တောင် ယောင်ကုန်ပြီ၊ ဒါ က ဒီလို ရှိတယ်ကွ၊ ဒီကိစ္စက လျှို့ဝှက် လုပ်ရမယ့် အရာ၊ တိုးတိုးတိတ်တိတ်သင်ကြားရမှာ ပေါက်ကြားသွားလို့ မဖြစ်ဘူး
ဒါကို မင်းတို့ နားလည်တယ် မဟုတ်ဘူးလား

ဟုတ် ခင်ဗျ နားလည်ပါပြီ ဆရာကြီး

ဟုတ်ပြီ၊ နားလည်ပြီဆို သင်ခန်းစာ (၁) စမယ်၊ အရက်တော့ သောက်တတ်ပါတယ်နော်၊

တစ်ယောက်မှ မလှုပ်၊

ငါမေးရင် ရဲရဲဖြေမှ ကြိုက်တယ်၊ ယောက်ျားတွေဘဲကွာ၊ ဖြေစမ်းပါဟ အရက်သောက် ဘူးကြတယ် မဟုတ်လား

ဟုတ် ဆရာကြီး လူပျိုတုန်းကတော့ သောက်ဘူးပါတယ်

တစ်ယောက်က ထဖြေသည်။

အခုဘာလို့လဲ

မိန်းမ ရပြီး စသောက်မိတဲ့နေ့ကို ပြန်တွေးရင် အခု ထိ ရင်တွေ ပန်းတွေ တုန်တုန်းမို့ လို့ပါ ဆရာကြီးရယ်၊ အဲဒါ ဂျိုဇောင်း ဟက်တက် ကွဲပြီးကတည်းက နောက်ထပ် မသောက်ရဲတော့တာ အခုထိပါဘဲ

ကောင်းပြီ ညနေ ဒီကပြန်ရင် သောက်ပြီးတော့ပြန်

ခင်ညာ

မခင်ညာနဲ့ ဒါ လေ့ကျင့်ခန်း(၁) သင်ခန်းစာ စပြီး ပေးနေပြီ၊ ကျန်တဲ့သူတွေလည်း ဒီအတိုင်း မှတ်သွားကြ ကြားလား၊

ဟုတ်ဆရာကြီး ဒါပေမယ့်၊ ကျနော့် မိန်းမကတော့ နည်းနည်းတော့ ခွင့်လွတ်ပါတယ်

ဟုတ်ပြီ ဘယ်လို ခွင့်လွတ်တာလဲ လင်းစမ်းပါဦး

ကိုယ့်ပိုက်ဆံနဲ့ကိုယ် သောက်လာရင် အသေပဲတဲ့၊ သူများတိုက်ရင်တော့ သောက်တဲ့၊ အဟဲ အဲဒါ ဒီက ပြန်ရင် ဆရာကြီး အရက်ဖိုးလေး

ဘာ ပြော တယ် ကွ

ဟင် ဆရာကြီးပဲ သောက်ဆို၊ အဲလိုလုပ်မှဆရာ့ စကားရော မိန်းမ စကားရော နားထောင်ရာ ကျတော့မှာပေါ့ တကယ်ပဲ သူ သောက်ဆိုလို့လည်း သောက်ရသေးတယ် လူကိုလည်း ပြန်အော် နေသေးတယ်၊

ကောင်းကွာ သင်တန်းကြေးတောင် ပြည့်အောင် မပေးပဲနဲ့ ငါ က အရက်ဖိုးတောင် ပြန်ပေးရဦးမယ်
ကြီးပွားဦးမယ့် သင်တန်း

မပေးချင်လည်း မသောက်ယုံရှိတာပဲ ဆရာကြီး ဆရာကြီးပဲ ခိုင်းသေးတယ်၊ အခု သင်တန်းတက်တာများ သိသာသွားရင် အဟုတ်ကို ပြောတာ မတွေးဝံ့ဘူး

တော်ပြီ ဟေ့ကောင် ဆက်မပြောနဲ့တော့ သင်တန်းနာမည်နဲ့ ငါ့သိက္ခာတော့ အကျမခံနိုင်ဘူး၊ ပြော ဟေ့ကောင် အရက်ဖိုး ဘယ်လောက်လည်း၊

၂၀၀၀ လောက်ဆို ဖြစ်ပါတယ်

ဟာ များလှချည်လားကွာ၊ ဘီအီး တစ်ပုလင်း အဲလောက် မရှိပါဘူးဟ

လုပ်ပြီ ဆရာကြီးကတော့၊ ဘီအီးတဲ့ ဒီမယ် ဆရာကြီး အခုတောင်းတာ အစမို့သက်ညှာပြီး လျှော့တောင်းလိုက်တယ် မှတ်ပါ၊ အမြည်းနဲ့ရေခဲနဲ့ ငါးသံပုရာနဲ့ ရှယ်ဆို ဒီထက် မက ဖြစ်သွားမှာစိုးလို့ ပက်ချင်လောက်နဲ့ မှန်းပြီး တောင်းလိုက်တာ ကျေးဇူးတောင် တင်ရဦးမယ်

အော် အော် အဲသလိုလား ဟုတ်ပါပြီဗျာ ၂၀၀၀ နော် ဟုတ်ပလား၊

ဟာ အဲသလိုဆို ဆရာကြီး ကျနော်တို့လည်း ညနေ ၀င်သောက်သွားမယ် ကျနော်တို့ကတော့ ၁၀၀၀ လောက်ဆိုရပါတယ်၊

ကျနော်တို့က ၁၅၀၀

အဲသလို ကျန်တဲ့သူတွေလည်း ထအော်ကုန်ကြတော့ ဆရာကြီး မျက်လုံးပြူးသွားသည်။ လက်တစ်ဖက်က ဝေ့ယမ်းပြရင်း ကျန်တစ်ဖက်က နားထင်နားရင်းကို ဖိညှစ်ထားရသည်။ ခေါင်းထဲမှာလည်း မိုက်ခနဲ့ မူးသလို ဖြစ်သွားတဲ့အတွက် ခန္ဓာကိုယ်က ယိမ်းထိုးသွားသည်။

မရဘူး ဆရာကြီး ကျနော်တို့ကတော့ ၁၅၀၀ ပဲ
မဟုတ်ဘူး ၂၀၀၀ မှ ၂၀၀၀ ပဲ

ဆူညံပွက်လောရိုက်ကုန်ကြပြီ၊ သူတို့ဟာ တိုးတိုးသက်သာမဟုတ်တော့၊ ကမ္ဘာပျက်သည့်အလား အုန်းအုန်းပွက်ပွက် ညံကုန်ကြသည်။ ဒီကြားထဲ မရရင် ချကွာ ဆိုတဲ့ အသံက ထွက်လာပြီး၊ တစ်ဆက်တည်း ဖြောင်းဆိုသော ခုံ ရိုက်ချိုးသံတွေပါ ပါလာသည်။
ဆရာကြီး မူးခနဲ မိုက်ခနဲဖြစ်ရင်းမှ ရှိသမျှ အသံကို ခြစ်ညှစ်အော်ထည့်လိုက်သည်

ဟေ့ကောင်တွေ ဘာလို့ ခုံ တွေ ရိုက်ချိုးတာလဲကွ၊ မင်းတို့ ဘာကောင်တွေလဲ မင်းတို့ မိန်းမတွေ မနိုင်ရတိုင်း ငါ့ကို အနိုင်ကျင့်နေကြတာလားကွ ဟေ ၊ ဟေ့ ဒီမှာ မင်းတို့ထက် မိုက်လို့ ဆရာကြီး လုပ်နေတာကွ၊ မင်းတို့ မိန်းမ ကြောက်တာလောက်ကတော့ ငါက ပျင်းတယ်ကွ ပျင်းတယ် နားလည်လား ဘာလဲကွာ သင်တန်းလေး စဖွင့်ကာ ရှိသေးတယ်၊ မိုက်ကယ် လာလုပ်နေတယ်၊ မင်းတို့ အဖျက်အဆီးတော့ မခံဘူးကွ၊ ငါ့ဖာသာ ငါ ရိုက်ချိုးပစ်မယ်ကွ ဟေ့ တစ်ယောက်မ အနားမကပ်ကြနဲ့ ကိုင်း လာလေ့ရော့ကွာ အဲဒါ ဆော်ကားဦး


ဖြောင်း

အဲဒါ လူဝါးဝ ကြဦး ကဲကွာ

ဖြောင်း

ဝုန်း

ဖြောင်းဆိုတဲ့ အသံက သင်တန်းဆရာကြီးကိုယ်တိုင် ခုံတွေ ရိုက်ချိုးတဲ့ အသံ
ဝုန်းဆိုတဲ့ အသံက သင်တန်း တံခါးမကြီး ပွင့်ထွက်သွားတဲ့အသံ

ပွင့်ထွက်သွားတဲ့ တံခါးဝမှာ မိန်းမအုပ်စုကြီး၊ နည်းတဲ့ အင်အားမဟုတ်၊ ရှေ့ဆုံးမှ မိန်းမတစ်ယောက်၏ လက်ထဲတွင် လက်ရိုက်တုတ်ကြီးနှင့် သေချာကြည့်တော့ ဆရာကြီးကတော်
နောက်မှာက သင်တန်းသား ကတော်များ၊ ကိုယ့်နံပါတ်ကိုယ် မြင်ပြီး သင်တန်းသားများ အလျှိုလျှိုနှင့် တံခါးပေါက်မှ ခုန်ချ ထွက်ပြေးကုန်ကြသည်။

မပြေးသူက သင်တန်း ဆရာကြီးတစ်ယောက်သာ။
လက်ထဲမှာ ကုလားထိုင်တစ်လုံးကို ကိုင်ရင်း ဆရာကြီး ကတော်ကို စားမတတ် ၀ါးမတတ် မျက်လုံးပြူးကြီးဖြင့် ပြန်ကြည့်နေသည်။

တကယ့် သတ္တိခဲ ဆရာကြီးဟု မထင်လိုက်ပါနှင့် မိတ်ဆွေ
ကျနော်တို့ ဆရာကြီး အကြောက်လွန်ပြီး သတိလစ်နေခြင်းသာ ဖြစ်ပါတော့သည်။


ဟုတ်ကဲ့
ဆက်လက်ကြိုးစားပါဦးမည်
ကျေးဇူးတင်ပါသည်

No comments:

Post a Comment