တစ်ပိုင်းတည်း ဖြစ်အောင် ပြန်လည် ဖတ်ရှုပါရန်။
ကိုဆန်းထွဋ်သည် သူ၏ ပီးမာ့ကေလား ပိုက်ဆံ မတတ်နိုင်၍ နှစ်ခါ ခွဲ ညှပ်မယ်လို့များ စိတ်ကူးထားသလား မသိ အောက်ပိုင်းသာ ပြောင်ပြီး အပေါ်ပိုင်း သာ ရှိနေသော ဆံပင်ကို လက်နဲ့ တစ်ချက် သပ်တင်လိုက်ပြီး
အခု ဒုတိယပိုင်း ဆုရွေးချယ်တဲ့ အစီအစဉ်အတွက် ကိုမောင်မောင်အေး စင်မြင့်ပေါ် နေရာ ယူပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
ကိုမောင်မောင်အေးသည် စတိုင်လ်ကျကျ ဂိုက်ဆိုဒ် အပြည့်တက်လာပြီ၊ လက်အုပ်ကလေး ချီလျက်
မင်္ဂလာပါ ကိုဆန်းထွဋ်
(ပါးစပ်ကသာ မင်္ဂလာပါ--စိတ်ထဲကတော့ အပတ်စဉ်တိုင်း ဆံပင်ပုံပြောင်းနေသော၊ ခန္ဓာကိုယ်တစ်ခုလုံး ဘယ်မှ မလှုပ်၊ နှုတ်ခမ်းလေး နှစ်ခုသာ အပေါ်အောက် လှုပ်ပြီး ပြောတတ် သော၊ သူ့ကိုယ်သူ ဓာတ်ရှင်မင်းသားမှတ်နေသော ကိုဆန်းထွဋ်ကို --အင်း ကိုမောင်မောင်အေးလေ သူပြောသလို---ဂျူး လူမျိုးတွေကို ဟစ်တလာ ဘာ့ကြောင့် သတ်သလဲ ဆိုတာ နည်းနည်း သဘောပေါက်စ ပြုလာပြီ ဆိုသလို၊ ထားလိုက်တော့)
ကိုဆန်းထွဋ်သည် ကျနော့်ကို သူ့လက်ထဲက မိုက်ခရိုဖုန်းကြီး ထိုးပေးရင်း မျက်စိ တစ်ဖက်မှိတ်ပြသွားသည်။
(ဟင်--အဲဒါ ဘာလုပ်ပြသွားတာလဲ၊ တန်တော့---ငါနဲ့များ မင်္ဂလာ ဆောင်ချင်နေတာလား၊ ဘုရား ဘုရား၊ ကိုမောင်မောင်အေး၏ နာမည်က ကိုကျော်ထွန်းဦး နော် ဆိုတဲ့ အသံ ကြောင့် အတွေးစ ပြတ်သွားသည်။ ဟုတ် ဆိုသော စကားလုံးသည် လည်ချောင်းမှ ကတုန်ကရင် ထွက်သွား၏)
--------------
--------------
အခု---ရွေးထားတဲ့ နှစ်ဆယ့်တစ် ဂဏန်းမှာ သိန်းသုံးဆယ် ပါမယ် ထင်တယ်ပေါ့
မထင်ပါဘူး
မထင်ပဲနဲ့ ဘာလို့ ရွေးသလဲ
ခင်ဗျားပဲ ဇွတ်အတင်း ရွေးခိုင်းတာလေ ကျနော်က မရွေးပဲ ဒီအတိုင်း အော်မလို့ဟာကို
အော် အော်---ဟုတ်ပြီလေ အခုရွေးလိုက်တဲ့ ဂဏန်းဟာ သိန်းသုံးဆယ်လို့ မထင်ဘူး ဆိုရင် ဘယ်ဂဏန်းလို့များ ထင်ပါသလဲ
တစ်ခုခုထဲမှာတော့ ပါမှာ ပေါ့
သေချာလိုက်တာနော် ကဲ--ဟုတ်ပြီ သိန်းသုံးဆယ် ရရင် ဘာလုပ်မလဲ
ဟိုဘက်မိဘ ဒီဘက်မိဘ ကန်တော့မယ်၊ ဘုရားလှူမယ်၊ သံဃာတော်တွေ ဆွမ်းချက်လောင်းမယ်၊ သီလရှင်တွေ ဆွမ်းဆန်စိမ်းလောင်းမယ်၊ ခွန်နှစ်ရက် ခွန်နှစ်လီ အလှူကြီး ပေးမယ်၊ မိသားစုလိုက် မြန်မာပြည်တစ်နှံတစ်လျား တန်ခိုးကြီးဘုရားတွေ လိုက်ဖူးမယ်၊ ကားဝယ်မယ်၊ သားသမီးတွေကို---
ဟေ့ လူ ဟေ့လူ --- ကျနော်တို့ ပေးထားတာ သိန်းသုံးဆယ်နော် သန်းသုံးဆယ် မဟုတ်ဘူးဗျ
သိပါတယ် ကျနော် ဖြစ်ချင်တာ ပြောတာပါ၊ ပါးစပ်နဲ့ ပြောတာပဲဗျာ ဘယ်လိုပြောပြောပေါ့
(ကိုမောင်မောင်အေးသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ကျနော့်ကို မျက်လုံးလှန်ကြည့်နေတာ အတန်ငယ်ကြာ၏။ ဟင်း-ခနဲသက်ပြင်းတစ်ချက်ကို ချသည်။ ကျလွိ ဆိုတဲ့ အံကျိတ်သံကိုလည်း အတိုင်းသား ကြားလိုက်ရ၏။
မကြိုက်တဲ့ ဂဏန်းတွေ ပယ်ကြည့်ရအောင် ရွေးပါ (လေသံက အနည်းငယ် မာနေပါသည်)
-နှစ်ဆယ့်တစ်ပဲ
ဂရာ----ဟေ့လူ ဒါ ခုန ခင်ဗျား ရွေးထားတဲ့ လပ်ကီးနံပါတ်လေ ဘာလို့ ဒါကြီး ပြန်ပယ်ရတာတုန်းဗျ
ကျနော် မကြိုက်တော့ဘူး၊ တစ်ဆယ်နဲ့ တစ်တို့၊ တစ်နှစ်လုံးတို့၊ ကုလားနဲ့ တစ်တို့လာရင် ရှုံးတာပဲလေ၊ ဒါ့ကြောင့် အဲဒီဂဏန်း ဖယ်ပစ်လိုက်
ဟာ ကွာ ငါ တောက်----
--- - - - - - - -
ဟေ့ ကောင် ရှူး ရှူး ဆိုသော အသံကြားသဖြင့် စင်အောက်ကို လှမ်းကြည့်ရာ ကျနော့်ယောက်ဖ။ သူသည် ကျနော့် ကို လက်မအောက်စိုက်ပြသည်။ မျက်လုံးကို ပြူးပြသည်။ နှုတ်ခမ်းကို စူပွ စူပွ လုပ်ပြသည်။ ကျနော်က သူ့ကို ခေါင်းညိတ်ပြလိုက်တော့ သူက ဂွတ်ဆိုတဲ့သဘောနဲ့ လက်မကို ထောင်ပြသွားသည်။ ကျေနပ်တဲ့ အမူအယာကြီးနဲ့ လက်ကိုပိုက်ရင်း ထိုင်ခုံကို မှီ၏။ လေတောင် ချွန်နေလိုက်သေး။ ကျနော့်အမေက သူ့နား နားကို ကပ်မေးတာတွေ့ရသည်။ သူဘာပြန်ပြောလိုက်သည်တော့ မသိ အမေက ခေါင်းတဆတ်ဆတ်ညိတ်ရင်း မိန့်မိန့်ကြီး ပြုံးနေတာ တွေ့လိုက်ရသည်။ အဲသလိုနဲ့ ကျနော့်အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် အမေကနေတစ်ဆင့် ပါဆယ်ဂိမ်း ကစားသလို လက်ဆင့်ကမ်း ဖြစ်ကုန်ကြသည်။
ကိုမောင်မောင်အေးသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မျက်လုံးက ကျနော့်ကို ကြည့်လိုက် ကျနော့်အမျိုးတွေကို ကြည့်လိုက်နှင့် ပဟေဠိသမားက ပဟေဠိ ဆန်နေသည်။
ဘာအမူအယာတွေလည်းဗျ ဘာတွေ တိုင်ပင်နေတာလဲဗျ ခင်ဗျားတို့ နည်းနည်းလောက် ငြိမ်ပေးရင် ကောင်းမယ်ထင်တယ်
အော်---ဘာမှမဟုတ်ပါဘူး၊ ဒီလိုပါ--- ဒီအချိန် ကျနော်ရပ်လိုက်ရင် ရမလား
ဗျာ
ဆက်မဆော့ပဲ ရပ်လိုက်ရင် ၁၅ သိန်း ပေးမလား
ဘယ် လို ဘယ် လို
၁၅ သိန်း ပေးမလားလို့
ဒီမှာ ခင်ဗျား တစ်ခုမှကို မဖွင့်ရသေးဘူး၊ ဘယ်လိုလုပ် ရပ်လို့ ရမလဲ၊ တောင်းတာလဲ ကြည့်ဦး နည်းနည်းနောနော ၁၅ သိန်း တဲ့
ရပ်လို့ မရဘူးလား
မရဘူး၊ လုပ်ဗျာ ကြာတယ်၊ မကြိုက်တဲ့ ဂဏန်း ပယ် တော့
ဒီလိုလုပ်လေ ၁၅ သိန်း မပေးရင် နည်းနည်း လျှော့ပေးမယ် ဆယ့်သုံးသိန်း ထားပေးလိုက်မယ်၊ ခင်ဗျား ပေးမလား
မ ပေး ဘူး
မပေး ဘူး ဆိုတော့ ခင်ဗျားတို့က ဆက်ကစားချင်တယ်ပေါ့
ငါကွာ--လူသတ်ချင်လိုက်တာကွာ၊ မရတော့ဘူး တကယ်ကို မရတော့ဘူး၊ ကဲကွာ-----
ဝုန်း
ကိုကိုပြောင်တစ်ယောက် ဒေါသတွေ မထိန်းနိုင်တော့ဘဲ သူ့ရှေ့မှာ ရှိနေသော stand ကြီးကို တွန်းဂျိုးပစ်ပြီး စင်ပေါ်မှ လွှားကနဲ ခုန်ချကာ ခြေကားယား လက်ကားယား နှင့် ထွက်ပြေးသွားလေတော့သည်။ ပါးစပ်မှလည်း
ဟေ့--ဒီပဟေဠိနန်းတ်ေကို လုပ်ဘို့ ငါ့ကို တစ်သက်လုံး လာမခေါ်ကြနဲ့ကွ သိပလား၊ အဲ--မသိကြနဲ့ဦး၊ နေကြဦး
ဆိုပြီး သူသည် ပြေးလက်စကို တုံ့ခနဲ့ရပ်ပစ်လိုက်သည်။ ပြီးတော့ နောက်ပြန်လှည့်လာသည်။ အဲဒီနောက်---စင်ပေါ်ကိုလွှားကနဲ ခုန်တက်လိုက်ပြီး ကျနော်ရှိရာသို့ ခြေလှမ်း ကြဲကြီးဖြင့် လျှောက်လာသည်။ ကျနော်သည် သူ့ပုံကို ကြည့်ပြီး အသက်ထွက်ချင်သလို ဖြစ်လာသည်။ တကယ့်ကို ကြောက်စရာကြီး။ ကျနော် ဒူးတွေ တုန်လာသည်။ ထွက်ပေါက်မရှိတော့။ သူသည် ကျနော် လုပ်ရပ်တွေအတွက် မခံစားနိုင်တော့တာလား ကျားတစ်ကောင်လို ကျနော့်ဆီ ခုန်ဝင်လာသည်။ မထူးတော့ပြီမို့ ကျနော်သည် မျက်စိကို စုံမှိတ်ပစ်လိုက် ပြီး ဘုရားကို အာရုံပြုထားလိုက်၏။
အော်တိုလက်မှတ်လေး ထိုးပေးခဲ့ပါ့လား-
ဟင်
ကြားလိုက်ရတဲ့စကားက အတော်လေးကို နွဲ့နေသည်။ အထင်နှင့်အမြင် တစ်ခြားစီ ဖြစ်သွားသည်။ သူ--ကျနော့်ကို အစိမ်းလိုက် ၀ါးစားလိုခြင်းမဟုတ်၊ အမှတ်တရ လက်မှတ် ရေးထိုးခိုင်းခြင်းသာ။
ဘယ်လို ဖြစ်သွားရတာလဲ ဟင်
ဘယ်လိုမှ မဖြစ်ဘူး သောက်ညင်ကပ်လွန်းလို့ကို ထိုးခိုင်းတာ၊ ရော့ ဒီမှာ ဘောလ်ပင် ထိုးစမ်း လက်မှတ်
ဘယ်မှာလဲ စာအုပ်
စာအုပ်မလိုဘူး ထိုး ဟောသည်မှာ ထိုး တစ်သက်စာ မှတ်မှတ်ရရ ရှိပစေ၊ ဘယ်လို သောက်ရူးမျိုးတွေနဲ့ လာကို တွေ့နေလည်း မသိဘူး
ပါးစပ်က မြည်တွန်တောက်တီးရင်း သူသည် သူ၏ ပြောင်နေသော နဖူးထိပ်နားကို ထောက်ပြသည်။
ဒီအချိန် ကျနော်သည် သူခိုင်းတဲ့အတိုင်း မလုပ်ခဲ့ဘူးဆိုလျှင် ဖြစ်လာမည့် အရာများကို ကြိုမတွေးချင်တော့၊ သူ့ပုံစံက မထူးဇာတ်ခင်းတော့မည့် အနေအထား ဒါနဲ့---
တုန်နေသော လက်ကို တည်ငြိမ်အောင် ထိန်းရင်း ထိုးမြဲလက်မှတ် တစ်ခု ကျနော် ထိုးပေးလိုက်သည်
ရွတ် ရွတ် ရွှိ
(ထုံးစံအတိုင်း အပြောက်ကလေး တစ်ပြောက်------အားပါးတရ)
ဒေါက်
အား--------
ငယ်သံပါအောင် အော်လိုက်သော အသံနက်ကြီးတစ်ခုနှင့်အတူ လေထဲဝဲလာသော လက်သီး အကြီးကြီး တစ်လုံး
ခွပ်
(ကျနော် တကယ်ကို ဘာမှကို မမြင်ရတော့ပါ။ မှောင်အတိ)
-------
(နောက်တာနော်---စိတ်မဆိုးရဘူး)
No comments:
Post a Comment