Aug 9, 2015

တတ်ဖို့မလို ၊ နပ်ဖို့ လိုပါသည်


မောင်ရင်က ကျောင်းပြီးပြီနော် ဟုတ်လား
ဟုတ်ကဲ့ခင်ဗျ
ဘာနဲ့ပြီးတာလဲ
Civil နဲ့ပါခင်ဗျာ
အဲဒါ ဘာကို ပြောတာလဲ
ခင်ဗျာ--
အဲဒါ---ဘာဘာသာလဲ၊ မြန်မာလည်းမဟုတ် သချာင်္လည်းမဟုတ်၊ အင်္ဂလိပ်လည်းမဟုတ်
ဟိုလေ--ကျနော် အေဂျီတီအိုင်ဆင်းပါ--စီဗယ်ဆိုတာ မြို့ပြအင်ဂျင်နီယာပါဆရာ
အော--အဲဂလိုလား--ဟား ဟား၊ မြို့ပြအင်ဂျင်နီယာဆိုတော့ မြို့ထဲမှာ အင်ဂျင်တွေပြင်တာပေါ့ ဒီလိုလား
မဟုတ်ဘူးခင်ဗျ---ဆောက်လုပ်ရေးလိုင်းပါ
ဟင်--မင့်ဥစ္စာ ဘာမှလည်း မဆိုင်ဘူး၊ မြို့ပြရော အင်ဂျင်ရောပါတော့ ငါက အဲလို မှတ်သွားတာ၊ ကဲထားပါ၊ မင်း--က ဘွဲ့ရပညာတတ်ဆိုတော့ အခုလောလောဆယ် လက်ဘက်ရည်ဆိုင်မှာ နံပြားဖိုတစ်ခု ဆောက်ဖို့ အပ်ထားတာရှိတယ်၊ မင်း--အဲဒါ စမ်းလုပ်ကြည့်၊ အဆင်ပြေရင် အလုပ်ခန့်မယ်၊ အစမ်းခန့်(၃)လပေါ့ကွာ၊ အလုပ်မှာ ကြိုးစားလို့ ငါသဘောကျရင် နောက်တစ်ဆင့်တက်ပေးမယ်၊ နံပြားဖိုတည်ဆောက်ရေးဘက် ကနေ အုတ်ဂူတည်ဆောက်ရေး ဆိုဒ်ဘက်ကို ပြောင်းပေးမယ်၊ အဲဒီမှာ လစာလည်း တိုးသွားမှာပေါ့ကွာ၊ ဘယ့်နှယ်လဲ မင်းလုပ်နိုင်ပါ့မလား
ဟုတ်--ဟုတ်ကဲ့ဆရာ၊ ကျနော် လုပ်နိုင်ပါတယ်၊ ကျနော် ဘယ်တော့လောက် အလုပ်စဆင်း
ရမလဲခင်ဗျာ
မနက်ဖန်က စဆင်းကွာ၊ အဲ--ဒီကိုမလာနဲ့တော့၊ နံပြားဖို လုပ်ရမယ့် ဆိုင်ကို တန်းသွား၊ ရော့ဒီမှာ ငါ့ကဒ်ယူသွား၊ ဒါကို ဟိုရောက်ရင် ထုတ်ပြ၊ ငါလည်း ကြို အကြောင်းထားပေးမယ် ဟုတ်ပလား
ဟိုလေဆရာ ကျနော့်အနေနဲ့ ရုံးတက် ရုံးဆင်း လက်မှတ်ထိုးဘို့တို့ ဘာတို့ 

ဒါတွေ မလိုပါဘူး ကွာ၊ ငါရုံးခန်းက ၃ ယောက်လောက် ဆိုရင်ကို တစ်ယောက်က မတ်တပ်ရပ်
နေရတာ မင်းမြင်တဲ့အတိုင်းပဲ
ဟုတ် ဆရာ၊ ဒါဆို ကျနော့်ကို ခွင့်ပြုပါဦး
ကောင်းပြီ၊ ကောင်းပြီ၊ ကဲ---နောက်တစ်ယောက် ခေါ်ဟေ့ မောင်ထူး


နာမည်က
ဂျစ်တူးပါ
အရင်ဘယ်မှာ လုပ်ဖူးလဲ
အုတ်စက်
အုတ်စက်မှာ ဘာအလုပ်လုပ်ရတာလဲ
အုတ်ပုံရိုက်တယ်၊ ဆုံလည်နွားနဲ့ တစ်နေကုန် ရွှံ့နယ်တယ်၊ နောက်----အုတ်ဖုတ်တယ်၊ မြေတူးတယ်--စွယ်စုံပေါ့
ဘယ်လောက်ကြာပြီလဲ
မွေးကတည်းကပဲ
လုပ်ငန်းအတွေ့အကြုံ အတော်ရှိထားပြီးသားပဲ၊ ဒါနဲ့----ဘာလို့ အလုပ်ပြောင်းချင်ရတာလဲ၊ လက်ရှိ အလုပ်မှာ အဆင်မပြေဘူးလား
ပြေပါတယ်
ပြေရဲ့သားနဲ့၊ ဘာလို့ ပြောင်းရတာလဲ
အသားမည်းမှာစိုးလို့ပါ
ဟေ----အသားမည်းမှာ စိုးလို့၊ အခု---နေ့ခင်းကြောင်တောင်ကြီးမို့လို့ မင်းကို လူသားတစ်ယောက်အနေနဲ့ သည်းသည်းကွဲကွဲ ဖြစ်နေတာမောင်၊ နို့မို့ဆို မင်းကို ငါ ကတ္တရာပုံးနဲ့ မှားလောက်တယ်၊ သည့်ထက် မည်းစရာ လက်ကျန် အသား ရှိသေးလို့လားကွာ
မဟုတ်ဘူးလေဗျာ၊ သည်လောက် မည်းအောင် လုပ်လာပြီးပြီ၊ တော်လောက်ပြီပေါ့၊
နောက်ထပ်သာ ကျုပ် ထပ်မည်းရရင်ကျုပ်ကိုကြိုက်မယ့် မိန်းမ ရှိမယ်မထင်တော့ဘူး။ ကိုယ့်ကိုယ်ကိုတောင် မှန်ပြန်မကြည့်ရဲတော့ဘူး၊ ဘိုးစဉ်ဘောင်ဆက် မိဘအမွေမို့လို့သာ လုပ်နေရတာ၊ တစ်ရက်မှ မပျော်ဘူး၊ ကိုယ့်ဘဝ တိုးတက်လမ်းလည်း ရှာကြည့်ချင်သေးတယ်လေ
ကြိုက်ပြီ၊ ဒီလိုလူမျိုးကို ငါတို့အလိုရှိတာ၊ မနက်ဖန်ကစပြီး မင်း မိုးပျံတိုက် စလုပ်ရမယ်
ဗျာ---ဟာ--ကျုပ်မှ ဘာမှ မတတ်ဘဲဗျ၊ မိုးပျံတိုက် စလုပ်ခိုင်းလို့ ဖြစ်မလားဗျ
မင်းက နာမည်နဲ့ လိုက်အောင် ဂျစ်ကန်ကန်ပါလား၊ ငါ့စကားလဲ ဆုံးအောင် နားမထောင်ဘူး၊ မနက်ဖန် ငါ့သူငယ်ချင်း မိုးပျံ ဆိုတဲ့လူရဲ့ ဆောက်လက်စ တိုက်၊ အဲဒီမှာ ငါခန့်ထားတဲ့
ပန်းရံဆရာ ကိုပြိုဆိုတာ ရှိတယ် သူ့ဆီမှာ လုပ်ရမှာ သူခိုင်းတာ လုပ်၊ ဒါပဲ ရှင်းလား
အော်--အင်း--အဲဒါဆို ရှင်းတယ်၊ မသိဘူး မိုးပျံတိုက်ဆိုတော့ ဟို တကယ့် မိုးပျံတိုက် ဆောက်ရမှာလားလို့၊ ဒါဆို ကျုပ်သွားမယ်
အေး----သွား
------------------------
မောင်ထူး
ဗျာ
ရေတစ်ခွက် ခပ်ခဲ့စမ်းကွာ အင်တာဗျူးလုပ်ရတာ မောလိုက်တာ အရမ်းပဲ
ဟင်း--တို့အာစရိကတော့ လုပ်ပီ၊ ဘာမှ မလုပ်ရဘဲ မောနေတယ်၊ ဒီအလုပ် ဟိုလူ့ခန့်လိုက် လုပ်ခိုင်းလိုက်၊ ဟိုအလုပ် ဒီလူ့ခန့်လိုက် လုပ်ခိုင်းလိုက်၊ အပ်တဲ့အလုပ်မှန်သမျှ အာစရိ ဘာတစ်ခုမှလည်း လုပ်တာမတွေ့ ဘူး၊ ဘာမှလည်း မတတ်ဘူးမှတ်တာပဲ၊
တယ်ခက်တဲ့ကောင်ပဲ၊ ဒါ အလုပ်ပဲကွ မောင်ထူးရ၊ မင်း မြဲမြဲမှတ်ထား၊ လောကကြီးမှာ တတ်စရာမလိုဘူး၊ ကိုယ်တိုင်လုပ်စရာမလိုဘူး၊ အေး--နပ်ဘို့ပဲလိုတယ်၊ လူနပ်ချမ်းသာ လူနပ် ချမ်းသာ၊ နတ်မဟုတ်ဘူး နပ် နပ်၊ နပ်တဲ့ကောင် ချမ်းသာတာပဲကွ မောင်ထူးရ ဟား ဟား ဟား။
အော--အဲသလိုလား၊ ဒီလိုဆိုတော့လည်း တို့အာစရိက အဟုတ်ကို နပ်တာပါလားဟေ့၊ ပညာတွေ ရသကွာ
မင်း---လျှော်တယ် မောင်ထူး၊ အရက်ဆိုင်ရောက်ရင် နာရင်း ကောင်းကောင်း အုပ်ရမယ်---ဖြောင်း၊

No comments:

Post a Comment