ညနေက မိုးက ရွာချလိုက်တော့ ဒီညတော့ ပွဲပျက်ပီကိုထင်တာမောင့်၊ တော်သေးတယ် မိုးက တိတ်သွားလို့၊ အင်း--မိုးရွာထားတဲ့အတွက် အောက်က အေးအေးနဲ့တော့ ထိုင်ကြည့်ရတဲ့ ပရိသတ်က လူတွေမို့ပေါ့ကွာ၊ ပဲသာဆို အညှောင့်တောင် ထွက်နေလောက်ပီ
မိန်းကလေးတွေတော့ မပြောလိုပါဘူး တို့ယောက်ျားလေးတွေတော့ ထွက်နေပီမောင့်
ဘာထွက်တာလဲ
ပဲညှောင့် ပဲညှောင့်
ပဲညှောင့်ရော ဟုတ်ကဲ့လားမောင်ရာ ငါထင်တာတော့
ဘာထင်တာလဲ ပြောစမ်း
အဟဲ--ပဲညှောင့်ပါပဲကွာ မင်းကလဲ အဟက် ဟက်
(သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ည ရတနာမဉ္ဇူမြတ်စွာဘုရားပွဲ မြောက်ဘက်မုခ် အငြိမ့်တစ်ခုမှ---အမှတ်တရပြက်လုံး၊ အချို့ကို ထပ်မံ ဖြည့်စွပ်ထားပါသည်)
[ ရယ်စရာ ဟာသပြက်လုံး (၄၂) ]
ဒေါက်တာ ဒေါက်တာ ဘယ်သူမှလဲ မရှိပါလား ဆေးခန်း တံခါးကြီးဖွင့်ထားပီး ဘယ်များသွားနေပါလိမ့်
ရှိ ပါ တယ် ဗျာာာာာ
ဟင်----အသံတော့ ကြားနေပီး လူ မမြင်ပါလား သရဲခြောက်တာလားမသိဘူး
ဒီ မှာ ပါ ဗျ
ဟာ---အ မ လေး သ သ သရရရရရရဲ-----
သ ရဲ မ ဟုတ် ပါ ဘူး ဗျာ လူ ပါ
ဟာ---ခင်ဗျားဘယ်သူလဲ
ကျနော် ဒေါက်တာပါဗျာာာ
ဗျာ--ခင်ဗျားက ဒေါက်တာ---စောင်ကြီးခြုံပီး ကုတင့်အောက် ဘာဝင်လုပ်နေ တာလဲ ဒေါက်တာရယ်
ဆနွင်းမှိုင်း ရှူနေတာဗျာ--နေမကောင်းလို့
ဆနွင်းမှိုင်းရှူနေတယ်---ဒေါက်တာက-ဆေးမသောက်ဘူးလား
စောစောကမှ ဂျင်းနဲ့ ကွမ်းရွက်ပြုတ်ရေ သောက်ထားတယ် ဆရာမောင် ဆေးနီမှုန့်လည်း တွယ်ပီးပီ
ဗျာ---ကိုယ့်ဆေးကိုယ် မသောက်ဘူးလား
ကျနော့်ဆေးတွေအကြောင်း ကျနော် သိတာပေါ့ဗျာ သောက်ရဲပါဘူး
ငင်
ခင်ဗျားဘာလုပ်မလို့လဲ ဆေးထိုးချင်တာလား၊ ကြည့်ရတာ ခင်ဗျားလည်း နေမကောင်းဘူးထင်တယ် ကုတင်ပေါ် လှဲလိုက်လေ အဟွတ် အဟွတ်
ဟုတ်ဘူး ဟုတ်ဘူး ကျ ကျနော် သချို င်္င်းကုန်းနဲ့ မှားပီးဝင်လာမိတာပါ
ပြန်တော့မယ်နော် အဟီး

(အငြိမ့်ပြဇာတ် ဇာတ်ဝင်ခန်းတစ်ခုမှ အမှတ်တရ)
[ ရယ်စရာ ဟာသ ပြက်လုံး (၄၃) ]
သိပ်ကို တရားလွန်လာပီ၊ သည်လောက်ကြီး စော်ကားဘို့တော့ မကောင်းဘူး
ဘာဖြစ်နေတာလဲ
သည်းမခံနိုင်တော့ဘူး၊ စိတ်ကိုမနည်းထိန်းနေရတာ အလုပ်ကို လုပ်လို့ မရတော့ဘူး
ဘာများ စိတ်မကြည်ဖြစ်နေရတာလဲဗျ၊ ပြောပြဦးမှပေါ့
ဟိုမှာလေ မင်း မမြင်ဘူးလား၊ ငါတော့ အဲဒီလူ နှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှာ တအုံနွေးနွေးဖြစ်နေလွန်းလို့ကို ဘာမှ လုပ်လို့ မရတော့ဘူး
ဘယ်လူနှစ်ယောက်လဲဗျ
ဟာ--မင်းကလဲ လူငယ်မျက်စိ မဟုတ်တဲ့အတိုင်းပဲ၊ ဟိုမယ် မမြင်ဘူးလား၊ ငါ တို့ ကျောပေးပြီး ဟိုဘက်လှည့်နေတာလေ၊ ဘယ့်နှယ်ကွာ အငြိမ့်ပွဲ လာပြီး အငြိမ့်မကြည့်ပဲ ဟိုဘက်လှည့် ကျောပေးနေတော့ ဒါငါတို့ကို သက်သက် စော်ကား တာပေါ့ကွ ဆင်းကို ရိုက်ပစ်ချင်တယ်၊ မကြည့်ချင် အိမ်ကတည်းက လာကို မနေနဲ့
ကိုဒီပါ
ဘာလဲ
အဲဒါ လူနှစ်ယောက် ကျောပေးရပ်နေတာ မဟုတ်ပါဘူး၊ တံခွန်တိုင်က နတ်ရုပ်ကြီးနှစ်ရုပ် မတ်တပ်ရပ် လက်အုပ်ချီပြီး ဟိုဘက်လှည့်နေတာပါဗျာ ခင်ဗျားကလဲ လူမှန်းမသိ နတ်ရုပ်မှန်းမသိ
ဟေ ဟုတ်ကလား၊ ငါလည်း ထင်တော့ ထင်သား ဒီလောက် အရပ်ကြီး ရှည်နေတာ နိုင်ငံခြားသားလားလို့တောင် အောက်မေ့လိုက်သေး ဟေး ဟေး

(မလဲသာဘုန်းကြီးကျောင်းဝင်းအတွင်းကပြခဲ့သော အငြိမ့်ခွင်တစ်ခုမှ---လူရွှင်တော် ကြီး ဦးဒီပါ လက်တန်းပြက်လုံး အမှတ်တရ)
[အချို့ အနည်းငယ် ဖြည့်စွပ်ထားပါသည်]
(လက်တန်းပြက်လုံးများသည် အင်မတန်ခက်ခဲ နက်နဲလှသည်၊ ကြည့်တတ်မှ မြင်သည်၊ ရုတ်တရက် အမြင်၊ အတွေးတို့ကို ထိထိမိမိ သုံးနိုင်လျှင် အလွန် အဖိုးတန်လှသည်၊ သဘာနှင့် ၀ါရှိမှ သုံးတတ်သလို ထိုကဲ့သို့ လက်တန်း ပြက်လုံးပြက်ပြီဆိုလျှင်လည်း အဖော်ကောင်းမှ အထောက်ကောင်းမှ ပိုပီပြင်သည်၊ အထောက်သမားသည် နပ်မှ သဘာနှင့်ဝါ ရှိမှ လိုက်ဖက်လှ၍ ဘောက်လုံးများ ဖောက်လုံးများ ဖြစ်လာလေသည်။ )
[ ရယ်စရာ ဟာသ ပြက်လုံး (၄၄) ]
ဇာတ်ရှိန်ပျက်တယ် ဆိုတဲ့စကား ကြားဘူးမှာပေါ့
မှန်ပါသည်၊ တစ်ခါတစ်ရံ ပြဇာတ်ကနေစဉ်ပဲဖြစ်ဖြစ်၊ နှစ်ပါးခွင်ပဲဖြစ်ဖြစ်၊ စတိတ်ရှိုး ဒါမှမဟုတ် အော်ပရာ ပဲဖြစ်ဖြစ် ကပြ ဖျော်ဖြေနေစဉ်မှာ အောက်က ပရိသတ် ရန်ဖြစ်တဲ့အခါ သို့တည်းမဟုတ် မိုးရွာသည့်အခါ မီးပြတ်သွားသည့်အခါမျိုးမှာ ပွဲ၏အရှိန်သည် ရပ်၍ သွားသည်။ ထိုအခါ ဇာတ်လမ်းခွင်မှာ စီးဝင်ပူးကပ်နေသော ဈာန် ပျက်သုဉ်းသွားတတ်လေ၏။

ဟိုးယခင် ၁၀ စုနှစ်များဆီက ဇာတ်သဘင်များ၏ အတီးပိုင်းဆိုင်ရာများကို
ဇာတ်စင်၏ ရှေ့မှာ ထားလေ့ရှိခဲ့သည်။ ခေတ်ပေါ်တီးဝိုင်းကို
ဇာတ်စင်၏လက်ျာဘက်တွင်လည်းကောင်း၊ မြန်မာ့ဆိုင်းဝိုင်းကြီးကို ဇာတ်စင်၏
လက်ဝဲဘက်တွင်လည်းကောင်း ထားကြလေသည်။
ဇာတ်စင်ရှေ့မှာ လက်ဝဲ လက်ျာရံ တီးခတ်ပေးရသည့်အတွက် ကပြဖြေဖျော်သူနှင့် ပံ့ပိုးမှုအတီးပိုင်းတို့သည် တိုက်ပင်ကိုက် ဆောင်ရွက်နီုင်စေခြင်းငှာ တစ်ဦးကိုတစ်ဦး အ၀င်အထွက် စည်းဝါးကိုက်စေခြင်းငှာ အဆင်ပြေ ချောမွေ့လှသည်။
ယခု နောက်ပိုင်း ပရိသတ်နှင့် အတီးပိုင်း ပြသနာများစွာ ခဏခဏ တက်သည့်အတွက် ပံ့ပိုးတီးခတ်သော အတီးပိုင်းကိုပါ တစ်ပါတည်း ဇာတ်စင်ပေါ် တင် လိုက်ရလေတော့သည်။
တစ်ချို့က အပျော်လွန်ကျူးလွန်း၍ တီးခတ်မှုကို အနှောင့်အယှက်ဖြစ်စေသလို၊ တစ်ချို့ကြပြန်တော့လည်း သက်သက်မဲ့ ပျက်လို ဖျက်ဆီး ပြုမူတတ်ကြလေသည့်။
အချို့များ လက်ရဲ ဇာတ်ရဲ ပက်မကြီးမ ပက်စာကိုပင် လက်နှင့် ကုပ်ခြစ် ဖဲ့ခွာသွားတတ်ကြသလို အချို့ကြပြန်တော့လည်း ယုတ်မာသော စိတ်ဖြင့် တီးဝိုင်းအပေါ်သို့ ခဲလုံးများ ပျံဝဲလာတတ်သည့်အတွက်ကြောင့် လုပ်ငန်းခွင် အနှောင့်အယှက်ကို ဖြစ်ပေါ်စေခဲ့သည်။
ကြုံဘူးသည်။ တီးဝိုင်း ရှေ့မှာ ရှိသောခေတ်က အချို့ကလေးများသည် ဇာတ်ပွဲမှ ကပြနေသော ဖြေဖျော်မှုကို စိတ်မ၀င်စား၊ သူတို့အချင်းချင်း ဆော့ကစားကြ၊ ရန်ဖြစ်ကြ ပြီးတော့ ထပြေး အဲဒီမှာ ခေတ်ပေါ်တီးဝိုင်းဘက်မှာ သွယ်တန်းထားသော လျှပ်စစ်ကြိုးများကို တိုက်ဆွဲချသွားသည့်အတွက် တီးဝိုင်းရပ်သွားသည်။
အဲဒီမှာ---ဇာတ်ရှိန်ပျက်ပြီး ပွဲက ရပ်သွားတော့သည့် အဖြစ်မျိုး တွေ့ဘူးခဲ့သည်။
ငါ့ညီတို့ ငါ့ညီတို့ဦးလေးတောင်းပန်ပါတယ်ကွာနော်၊ ဦးတို့မှာ အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်စေပါတယ်ကွာ နော်၊ ဦးတို့မှာ ကျက်ထား မှတ်ထားရတာတွေလည်း ရှိပါတယ်၊ ပြောနေတဲ့အချိန် ဈာန်ပျက်သွားရင်လည်း မေ့ကုန်တာတွေ လည်းဖြစ် တတ်လို့ပါ၊ ပြီးတော့ မီးကြိုးတွေ လျှပ်စစ်ကြိုးတွေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် လုပ်ငန်းခွင်ရပ်သွား ပျက်သွားတာက နောက်၊ မင်းတို့လေးတွေရဲ့ အသက်အန္တရာယ်က ပိုအရေးကြီးပါတယ်ကွာနော်၊ ဦးတောင်းပန်ပါတယ်ကွာနော၊ ငြိမ်ငြိမ်လေး ထိုင်ကြည့်ကြပါ ဟုတ်ကလား၊ ဟိုတစ်လောက နယ်ဘက်မှာ သွားကတာ အဲဒါ ကလေးတစ်ယောက် ပွေ့ကို ထုတ်ယူရတာ စိတ်ကို မကောင်းဘူး
ဓာတ်လိုက်ပြီး သေသွားတာလား
မဟုတ်ပါဘူး မနက်လင်းတဲ့အထိ အိပ်ပျော်နေလို့
[အဲသလို လုပ်ငန်းခွင်အတွက် ပြောပြနေရင်းနဲ့ လက်တန်း ဘောက်လုံး ထည့်သွားတာ တကယ်ကို မှတ်သားလောက်ပါသည်]
( မြို့တော်တင်ဝမ်း ဇာတ်သဘင်မှ လူရွှင်တော် ထိန်လင်း လက်တန်းပြက်လုံး--အမှတ်တရ၊ )
[ ရယ်စရာ ဟာသပြက်လုံး (၄၅) ]
တကယ်တော့ မင်းဟာ ကြီးလေးကြီး ကြယ်တစ်ပွင့်ပဲ
အဲသလိုလား၊ ဘာတွေများလဲ လုပ်ပါဦး
အစားကြီး
ဟင်
အအိပ်ကြီး
ငင်
အပျင်းကြီး
ညင်--နောက်--တစ်ခုက---
ဟိုဟာကြီး
တိန်----ကြယ်တစ်ပွင့်ဆိုတာက
ဖင်ဂေါင်းကျယ်တာကို ပြောတာ
ဂိန်

No comments:
Post a Comment