Aug 8, 2015

အငြိမ့်ချစ်သူများအတွက် ပြက်လုံး

အငြိမ့်ခွင် (၁)
အခုတင်ပြမယ့် ဟာသဇာတ်ကွက်လေးကတော့ စာရေးဆရာ ဗစ်တာဒေါ့ဗ်၏ ဆရာမ၏ အစွမ်းဆိုတဲ့ စတယ်ရာ ၀တ္ထုလေးကို တင်ပြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကို (စာရေးဆရာ ဆရာကံချွန်ပြန် လည်ရေးသားခဲ့သလို၊ အငြိမ့်(လူရွှင်တော်ကြီးမုံရွာဦးတက်တိုး တို့သည်လည်း အငြိမ့်ခုံပေါ်တွင်ကပြ အသုံးတော် ခံခဲ့ဘူးပါသည်၊ ဒါ့အပြင် ရုပ်ရှင်ဗီဒီယိုလောကမှာ ဟာသ သရုပ်ဆောင် အရိုင်း၊ညောင်ညောင်တို့ လည်း ကပြခဲ့ဘူးပါတယ်)
ကျနော်တို့အနေနဲ့လည်းဒီ ဟာသအတိုလေးကို ကြိုက်နှစ်သစ်သက်မိတဲ့အတွက် ပြန်လည် ဆန်းသစ် ဖော်ထုတ်တင်ပြရခြင်းဖြစ်ပါတယ်၊ 

လုပ်သင့် လုပ်ထိုက်တာကိုချက်ခြင်းမလုပ်၊ စာအုပ်ကြီးအတိုင်း လျှောက်လှမ်းနေကြတဲ့ လူတန်းစားအချို့ကို သရော်ထားတဲ့ပြကွက်ကလေးပါ။

ဟောသည်က ပရိသတ်ကြီးတွေ့ဘူးချင်မှလည်းတွေ့ဘူးကြပါလိမ့်မယ်၊  ကြုံဘူးချင်မှလည်းကြုံ ဘူးကြပါလိမ့်မယ်၊  မြင်ဘူးချင်မှ လည်းမြင်ဘူးကြပါလိမ့်မယ်၊

အကယ်၍များ ပုံစံခွက်ထဲမှာအသားကျ အနည်ထိုင် ပျော်မြူးနေကြတဲ့  လူတန်းစားတွေကို မမြင်ဘူး မတွေ့ဘူး မကြုံဘူး မရှိနိုင်ပါဘူးလို့စိတ်မှာ အောက်မေ့မိရင်လည်း ဟာသရှုထောင့်ကနေ ကြည့်ရှုခံစားပြီး

ကျနော်တို့ တင်ပြမှုမှာအနည်းငယ်များ ကာရံမညီ အထစ်အငေါ့များ ဖြစ်ခဲ့ရင် အာအမ်ဘီနဲ့ ဟစ်ပေါ့ လို့သာ  ပရိသတ်ကြီး ခွင့်လွှတ်ပေးပါခင်ဗျာ။

ကဲ ကောင်းပြီ စာအုပ်ကြီးမျိုးလူတန်းစားတွေ ဘယ်နိုင်ငံ ဘယ်လူမျိုးတွေ လုပ်လေ့လုပ်ထ ရှိကြပါသလဲ၊
ပရိသတ်ကြီးကို ပဟေဠိတစ်ပုဒ်အဖြေထုတ်ဖို့အရေး မေးခွန်းလေး ပေးရင်း ဗစ်တာဒေါ့ဗ်၏ သရော် စာလေးကိုကျနော်တို့ ထပ်မံ တင်ပြလိုက်တာကတော့ ဒီလိုပါတဲ့ခင်ဗျာ

(ကားလိပ်အဖွင့်)

မင်္ဂလာပါ ဆရာမလေး ခင်ဗျာ
ဟုတ်ကဲ့ မင်္ဂလာပါရှင်၊ကျမ ဘာများ အကူအညီပေးရမလဲရှင် 
(ဆရာမလေးသည် စကားသံ ၀ဲဝဲဖြင့် ပြောနေရမည်)

အဟဲ ဆရာမတို့ကို အလုပ်ရှုပ်အောင်အလုပ်ပေးသလိုဖြစ်ရတာကိုတော့ အားနာပါတယ် ဆရာမ
ရပါတယ် ကိစ္စမရှိပါဘူးရှင်
ဒါကလည်း မပေးရင် မဖြစ်တော့လို့ပါဆရာမ
ဟုတ်ကဲ့ ပြောပါ
ကျနော် မိတ်ဆွေ တစ်ယောက်အိမ်ကို အလည်သွားတယ် ဆရာမရယ်
အဲ ဒါ ဘာ ဖြစ် လဲ
အဲဒါ ခြံထဲဝင်မယ်အလုပ်မှာခွေးတစ်ကောင် တွေ့တယ် ဆရာမ
အဲဒီခွေးက ရှင့်ကိုကိုက်လိုက်ရော မဟုတ်လား
ဟာ ဆရာမက ဘယ်လိုလုပ်သိလဲ၊ ဗေဒင်ဆရာမများလား မသိဘူး
ကျ မ ဗေဒင်ဆရာမမဟုတ်ဘူး၊နတ်စ်မ  ရှင် ခွေးကိုက်မခံရရင် ဆေးခန်းကို လာစရာအကြောင်းမှမရှိဘဲ
ခွေးကိုက်မခံရလဲ တစ်ခြားအကြောင်းအရာနဲ့ လာလို့ ရတာပဲ ဆရာမရဲ့ ဥပမာ နာစေးတာတို့ ဖျားတာတို့ နာတာတို့
ကဲ စကားကြော ရှည်မနေနဲ့ရှင်ခွေးကိုက်ခံရတာ ဟုတ်သလား မဟုတ်ဘူးလား ဒါပဲပြော
အဟဲ ဟုတ်ပါတယ် ခွေးကိုက်ခံရတာပါ
ဒါဆို ပုံစံတွေ ဖြည့်ရမယ်ကျမ မေးခွန်းတွေ မေးမယ် ရှင်ဖြေပါ
ကျနော် သွားစရာလေးရှိလို့ပါ ဒီပုံစံတွေ မဖြည့်ပဲ ဆေးပဲ ထိုးပေးလိုက်လို့ မရဘူးလား ဆရာမ
မရဘူး၊ ရိုးရိုး အနာပျောက်ဆေးထိုးရမလား၊ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးရမလားဆိုတာ ကျမ ခွဲခြားနိုင်မှ ဖြစ်မယ်
ဒီ မှာ ခွေး လူ နာ
ဗျာ ဆရာမ ဘယ်လို ခေါ်လိုက်တယ်
ခွေးလူနာလို့ ခေါ်လိုက်တာလေရှင်ခွေးကိုက်ခံရလို့ ဒီရောက်လာတာ မဟုတ်ဘူးလား
ဟာ ဆရာမရယ် ခွေးလူနာလို့တော့မခေါ်ပါနဲ့ဗျာ၊ နားထဲမှာ ဘယ်လိုကြီးမှန်းမသိဘူး၊ ကျနော့်မှာ ကိုယ်ပိုင် နာမည် ရှိပါတယ်ဗျ
ကဲ ဒါဆိုလည်း ပြော
ရန်အောင်
ဘာရယ်
ရန်     အောင် ပါလို့ ဆို
သူ့ရုပ်နဲ့များ ရန်အောင်တဲ့(မကြားတကြား တိုးတိုးလေး မဲ့ကာရွဲ့ပြောရင်း စာအုပ်တွင် ရေးမှတ်နေ)
ဆရာမ တိုးတိုးလေးဘာပြောလိုက်တာလဲ
ဘာမှဟုတ်ဘူး ပြောအသက်
၃၅
ဘာ
အမလေး လန့်တာ ဆရာမရယ်ဖြေးဖြေးလုပ်ပါဆရာမရဲ့
ရှင် လာနောက်နေတာလားရှင်ပါးရေ နားရေနဲ့ ဒီအသက်အရွယ်နဲ့ ၃၅ ဖြစ်နိုင်မလား အမှန်အတိုင်းပြော မနောက်နဲ့
ဘယ့်နှယ် တကယ်မနောက်ဘူးအဟုတ်ပြောတာ ၃၅ ဘာလဲ ကျနော့်ပုံစံက အဖိုးကြီးပုံစံပေါက်နေလို့လား
အဖိုးကြီးပုံစံတော့မပေါက်ပါဘူး
ဒါဖြင့် ဘာပုံစံ ပေါက်နေလို့လဲ
အဖွားကြီး ပုံစံ
ဟာ လုပ်ပြီ ဆရာမ ကိုယ့်ကိုယ်တောင်သတ်သေချင်လာဘီ
သေချင်ရင်လည်း တော်ရာကျမှသတ်သေ ဒီဆေးခန်းထဲတော့ မသေနဲ့ အလကား အလုပ်ရှုပ်အောင်
ဆက်ဆံရေးကလည်း အတော်ကိုပြေပြစ်တာပါပဲလား ကဲပါ ဆရာမရယ် အဲဒါတွေ ရေးမနေပါနဲ့ ကျနော် တကယ် အရေးတကြီး သွားစရာရှိလို့ပါအနာပျောက်ဆေးရော ခွေးရူးရောဂါ ကာကွယ်ဆေးရော အပြွတ်လိုက် ထိုးပေးလိုက်လို့မရဘူးလား
စကားမရှည်နဲ့ ခွေးလူနာဒါ နောက်စရာ ပြောင်စရာ မဟုတ်ဘူး
ခွေးလူနာ မဟုတ်ပါဘူးရန်အောင် ပါဆိုမှ ဟဲဟဲ
အဲဒီနာမည်ခေါ်လို့ကိုမရဘူး
ဘာလို့လဲဗျ
မတန်လို့
ဘာရယ်
ဘာမှမဟုတ်ဘူး ပြောနောက်တစ်ခု
ဘာပြောရမှာလဲ 
မပိုတင်အမ
ဗျာ
ရှင့် မပိုတင်အမ
အော် မပိုတင်အမကတော့ပြီးခဲ့တဲ့နှစ်ကပဲ ဆုံးသွားပြီခင်ဗျ
ဒီမှာ ခွေးလူနာ အလုပ်ဝတ္တရားနှောက်ယှက်မှုနဲ့ရဲခေါ်ပြီး အဖမ်းခိုင်းလိုက်ရမလား
ဟောဗျာ ဆရာမပဲ မပိုတင်အမ   ဆို
အဲဒီ မပိုတင်ကို ပြောတာမဟုတ်ဘူး ရှင့်ရဲ့ မပိုတင်ကို မေးနေတာ
ဟဲ ဟဲ ဆရာမက စကားဝဲတော့ ကျနော် နားကြား လွဲသွားလို့ပါ ကျနော့် မပိုတင်က အဲလေ မှတ်ပုံတင်က(                )
ကိုက်လိုက်တဲ့ ခွေးနာမည်
ခင်မျာ ဟာ ဆရာမရယ်ခွေးနာမည်ဘယ်သိမလဲဗျ ဒီအတိုင်း ရုတ်တရက်ကိုက်ပြီး ထွက်ပြေးသွားတာ ဥစ္စာ အဟဲ နောက်တစ်ခါထပ်ကိုက်ရင်လေ အသေအချာလေး မေးထားလိုက်ပါ့မယ် နော် နော် လို့
ခွေးလူနာ ကောင်းကောင်းဖြေပါမသိရင် မသိဘူးပဲ ပြောပါ ဝေ့လည် ချောင်ပတ် လုပ်မနေပါနဲ့ ရှင်တစ်ယောက်ထဲနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူး
(ဘေးဘီကို ဝေ့ကြည့်ရင်းဘယ်သူမှလဲ မရှိပဲနဲ့ ကြီးကျယ် နေလိုက်တာ ဟွန်း )(တိုးတိုးလေးပြော)
ကောင်းပြီ ရှင့်ကိုက်တဲ့ခွေးကို ကျမဘာသာပဲ မှတ်လိုက်မယ် ရန်လုံ၊ အင်းရန်လုံဆိုတော့ ရှင့်နာမည်နဲ့ ခပ်ဆင်ဆင်ဖြစ်သွားတာပေါ့၊ဒါဆို ရှင့်တို့ အမျိုးများ တော်သွားမလား မသိဘူး ဟီဟိ
ကြည့်ပြောပါဆရာမ၊ဘာလို့ အမျိုးတော်ရမှာလဲ ကျနော်က လူ၊ ဟိုကခွေး၊
ကျမ သိပါတယ်၊ နာမည်ဆင်သွားတော့စပ်ကြည့်တာပါ၊ အလုပ်အကိုင်
ဥ မျိုးစုံ ရောင်းဝယ်ရေး
စကားကို ရှင်းအောင်ပြော၊ဘာဥလဲ ကြက်ဥဖြင့် ကြက်ဥ ဘဲဥဖြင့် ဘဲဥ ထည့်ပြောပါ
ကြက်ဥလည်း မဟုတ်ဘူးဘဲဥလည်း မဟုတ်ဘူး
ခွေးလူနာ မမိုက်ရိုင်းနဲ့နော်ဒါဖြင့် ဘာဥလဲ ပြောစမ်း
ကန်စွန်းဥ ပိန်းဥမုန်လာဥ ခါကြက်ဥ ဒါကို ပြောတာ ဒါကိုပြောတာ သူ့ဟာသူ တလွဲတွေးနေပီးတော့
 ကိုယ်တိုင်စိုက်ပြီး ရောင်းတာလား ၀ယ်ရောင်းတာလား
အလကား တောင်းရောင်းတာဗျို့ရှင်းပလား ၊ ဒီမှာ ဆရာမ ကျနော့်ကို ဆေးမြန်မြန်ထိုးပေးပါ အဲဒါတွေ လျှောက်ရစ်မနေပါနဲ့ဗျာ၊ တောင်းပန်ပါတယ်
ဒါ ရစ်နေတာ မဟုတ်ဘူး၊လုပ်ထုံးလုပ်နည်းအတိုင်းသွားနေတာ၊ လုပ်ငန်းသဘောကို ရှင်နားလည်လား၊ ဒါလေးမှ စိတ်မရှည်မဖြေနိုင်ရင်လည်း ကုမပေးယုံရှိတာပဲ၊ ရှင်ပြန်ချင်ပြန် ဒါပဲ
အဟဲ ဆရာမကလည်း ဒေါချည်းပဲတော်ကြာ ခွေးက ရူးနေရင် ကျနော် ဒုက္ခရောက်မှာပေါ့ဗျ
ဒါတော့ ရှင်သိသားပဲ၊ နားလည်ရင် မေးတာ ကောင်းကောင်းဖြေပါ၊ အရင်ကရော အကိုက်ခံရဘူးတဲ့ အတွေ့အကြုံ ရှိလား
ဗျာ
အရင်ကရော အကိုက်ခံရဘူးလားလို့မေးတာ
ဟုတ် အကိုက်ခံရဘူးပါတယ်
ဘယ်အရွယ်လည်း
အဲ ကုလားပဲခြမ်းစေ့အရွယ်ပါ
ရှင် ဘာကို ဆိုလိုတာလဲ
ကြမ်းပိုး အကိုက်ခံရဘူးတာကိုပြောတာပါ
ကျမ နို့တိုက်သတ္တ၀ါကို ပြောနေတာ ကြမ်းပိုးတွေ ခြင်တွေကို မေးနေတာမဟုတ်ဘူး
နို့တိုက်သတ္တ၀ါ အကိုက်မခံရဘူးပါဘူး
ဘာလို့ မကိုက်ကြတာလဲ
အော်ဟော် ကျနော့်ကိုယ်ကနို့မထွက်လို့ နေမှာပေါ့
ထားပါလေ၊ ရှင့်မှာညီမရှိလား
မရှိပါဘူး
အစ်ကိုတွေ ညီတွေရော
မရှိပါဘူး
တစ်ကောင်ကြွက်ပေါ့
တစ်ဦးတည်းသော သားလုပ်ပါ
သူတို့တစ်တွေကိုရောခွေးကိုက်ခံရတာ ရှိခဲ့ဘူးလား
အဲဒါတော့ မဟုတ်တော့ဘူးဆရာမ၊ ညီအစ်ကို မောင်နှမ မရှိပါဘူး ဆိုမှ ဘာလို့ အဲဒီမေးခွန်း ထပ်မေးနေရတာလဲ
ဒီမှာ ခွေးလူနာ ဒါလုပ်ငန်းသဘောလို့ ပြောထားတယ် ရှင်နားမလည်ဘူးလား၊ မေးတဲ့မေးခွန်း ကိုပဲ ကောင်းကောင်းဖြေပါရဲခေါ်ပြီး ဆွဲထုတ်ပစ်ရမလား၊ဒါပဲပြော
အဟဲ အဲလိုတော့ မလုပ်ပါနဲ့ကောင်းကောင်းဖြေပါ့မယ်
ဒါဆိုလည်း မေးတာဖြေ၊ရှင့် အဖေနဲ့ အမေရော အကိုက်ခံရဘူးလား
(ခေါင်းကုပ်) အကိုက်မခံရနိုင်တော့ပါဘူး
ဘာလို့ အကိုက်မခံရနိုင်မှာလဲအစားမတော်တစ်လုပ် အသွားမတော် တစ်လှမ်းတဲ့ ခွေးမျက်စိနောက်ရင် အကိုက်ခံရနိုင်တာပဲ
ကျနော့် မိဘတွေ မရှိကြတော့လို့ပေါ့ဗျအဲလောက်တောင် ဒုံးဝေးသလား
အော် ဒီလိုလား၊ ဆောရီးနော်၊ခွေးက ဘယ်အရွယ်ကိုက်တာလဲ
အင်း ခွေးပေါက်စနလေး
ရုံးသုံးပုံစံမှာခွေးပေါက်စနလေးလို့ ဖြည့်လို့မရဘူးရှင့်
ခွေးတစ်ကောင်ဗျာ၊ခွေးတစ်ကောင်ရဲ့ ကလေးဗျာ အဲလိုဆိုရလား
စကားကို ရှုပ်အောင်မပြောပါနဲ့ ခွေးလူနာ၊ ခွေးကိုက်တယ်လို့ပဲ ပြောပါ
ကောင်းပါပြီ၊ ကောင်းပါပြီကျနော့်ကို ခွေးကိုက်ပါတယ်
ရော့ ဒီမှာ လက်မှတ်ထိုးပါ
ဟုတ် ဒါဆို ပြီးပြီလားဆရာမ ဆေးထိုးပေးလို့ ရပြီလား
မရသေးဘူး ဒါက ဖောင်ဖြည့်တာပဲရှိသေးတာ၊ ကျမတို့ ဆရာ အော်ပရေးရှင်း ၀င်နေတယ် ခဏစောင့် ဆေးက ဆရာထိုးပေးမှာ ဟော ဆရာလာပြီ၊ဆရာ ဒီလူနာက ခွေးကိုက်ခံရတဲ့ လူနာ ပါ ဖောင်တွေ အားလုံး ဖြည့်ပြီးပါပြီ  ကဲ ခွေးလူနာ ဆရာမေးတာကို အူကြောင်ကြောင် လုပ်မနေဘဲ အမှန်အတိုင်း ဖြေပါ တကယ်လို့ အမှန်အတိုင်း မဖြေရင် ကျမတို့ ဆရာက စိတ်အရမ်းတိုတတ် တယ်၊ ဆရာစိတ်တိုပြီး ဆေးထိုးသတ်ပစ်တာ သုံးယောက်ရှိပြီ
ဗျာ
ရှင်လည်း အဲဒီအထဲမပါချင်ရင်လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးဖြေ  ကြားလား
ဟုတ် ဟုတ်ကဲ့ ခင်ညကြန်ရင် ကောင်းမယ်နဲ့ တူတယ် အစ်ဟီး
ဟရောင် ဘာလို့ ငိုနေတာလဲမင်းလားကွ ခွေးကိုက်ခံရတဲ့ လူနာ
ဗျာ အော် ဟုတ် ဟုတ်ပါတယ်ဘုရား
ဘာကွ မင်း ငါ့ ဘုန်းကြီးမှတ်နေလား နောက်တာလား
မနောက်ဝံ့ပါဘူးခင်မျာအကြောက်လွန် လွန်းလို့ အရိုအသေပေးလွန်းအားကြီးသွားတာပါ ဆရာ စိတ်မတိုပါဘူးနော်
အင်း အင်း ဒါနဲ့ မင်းမှာငွေဘယ်လောက် ပါလဲ
အဲ ဟို ဟုတ် ဆေးကုဘို့တော့လုံလုံလောက်လောက် ပါ ပါ တယ် ခင်ဗျာ
ဒါဆို ပီးရော ကိုက်တဲ့ခွေးကခွေးသေးသေးလေး၊ ဒါနဲ့ ခွေးပေါက်စနလေးဆိုတော့ သွားပေါက်ပီလား
ဗျာ သွားပေါက်ပီလားဆရာ ဆရာ ဒီမှာ ဒီမှာ အပေါက်ရာကြီးတွေ ကြည့်ပါဦး ဆရာရယ် သွားဖုံးရာတွေတော့ ဟုတ်လောက်ဘူးနဲ့တူတယ်နော် သွေးတွေတောင် ထွက်တယ် ဆရာ
အော် ဟုတ်လား ခွေးပေါက်စနလေးဆိုတော့ကျနော် က သွားမပေါက်သေးဘူးထင်လို့ပါ သွားပေါက်နေ ပြီဆိုတော့ သွားဘယ်နှချောင်းလဲဗျ ခင်ဗျားကိုကိုက်တဲ့ခွေးပေါက်စနလေးက
၃၂ ချောင်း ထင်တာပဲ
အဲဒါ လူတွေမှ ပေါက်တာဗျခင်ဗျား လူနဲ့ ခွေးနဲ့ ခွဲခြား သိပုံမရပါဘူး၊ ဘယ်နှချောင်းလဲ ဆိုတာ ခင်ဗျား မမှတ်မိဘူးလား
ဟုတ် ဆရာ နောက်တစ်ခါဆို သွားဖြဲပြီး ရေထားလိုက်ပါ့မယ်
ကောင်းပြီလေ ဒီမှာကိုယ့်ဖာသာပဲ ကိုယ်မှတ်လိုက်ပါ့မယ် သွား တစ်ချောင်းထဲ
ညင်
ခွေးထီးလား ခွေးမလား
ဒါလည်း သေချာမရေရာပဲဆရာသူက ကိုက်ပြီး ထွက်ပြေးသွားတာ၊ ကျနော် လှမ်းကြည့်ပါသေးတယ် အဲဒီခွေးက အမြီးကို ဖင်ကြားထဲညှပ်ပြေးတော့ အဟဲ အဲဒါ
မသိဘူး မဟုတ်လား
ဟုတ်
ကိုယ့်ဖာသာပဲ ကိုယ်မှတ်လိုက်မယ်ခွေး ဂန်ဒူး
ရာ
ခွေးမှာ ဂန်ဒူး ခွေးဆိုတာရှိလို့လား ဆရာရယ်
ခင်ဗျားမှ သေချာ မပြောနိုင်ပဲ၊ကျနော်လည်း အထီး အမ သွင်းလို့ မရတော့ ကြားပဲ ဖြည့်လိုက်တာလေ အဆင်မပြေဘူးလား
ဟား ပြေပါတယ်ဆရာ ပြေပါတယ်ဆရာ အဆင်ပြေသလို ခွေးထီးပဲ သွင်းသွင်း ခွေးမပဲသွင်းသွင်း ဆ ရာကောင်းတယ်ဆို ပြီးတာပါပဲ
ခင်ဗျား ယုတ်မာနေတာတော့မဟုတ်ပါဘူးနော် ကျနော် ဒေါသ ဒီနားလေး ရောက်နေသလား မသိဘူး
ဟာ မဟုတ်ဘူး မဟုတ်ဘူးဆရာ့ကို ကျနော် ဘာရည်ရွယ်ချက်နဲ့မှ ပြောတာ ဟုတ်ပါဘူး စိတ်မချိုးနဲ့ စိတ်မတိုနဲ့နော်နော် ဆရာ အစ် ဟီး အိမ်ပြန်မယ်
ခင်ဗျား ငိုနေတာလား
ဟင့် အင်း ဟင့် အင်းငိုဘူး ငိုဘူး အစ် အစ်
အဲဒီခွေးအရောင်က ဘာအရောင်လည်း
အဲနေဦး သေသေချာချာကြည့်လိုက်တာတော့ ဟား ဟုတ်ပြီ စတော်ဘယ်ရီရောင် ဆရာ စတော် ဘယ်ရီရောင်
မဖြစ်နိုင်ဘူး ခွေးထဲမှာစတော်ဘယ်ရီအရောင် မရှိဘူး သေချာစဉ်းစားပါဦး တစ်ခြားအရောင်
ဒါဆိုရင်တော့ ကျနော့်မျက်စိမှားတာပဲဖြစ်မယ်ဆရာ ဆရာဖာသာပဲ ဖြည့်လိုက်ပါတော့
ကောင်းပြီ ခင်ဗျားပြောတဲ့အတိုင်းကိုယ့်ဖာသာပဲ ကိုယ်မှတ်လိုက်တော့မယ် ခွေးဗေဒါရောင်
ရာ ခွေး ဗေဒါရောင်ကျနော့်ကျတော့ စတော်ဘယ်ရီရောင် မရှိဘူးဆို ဆရာ့ကျ အဲဒီအရောင်ကြီး ရှိလို့လား
ရှိချင်ရှိမှာပေါ့ဗျခေတ်တွေက မှီနေဘီ စပ်ချင် စပ်မှာပေါ့ ဘာလဲ ခင်ဗျား ကျနော့်ကို ပေါတောတော အောက်မေ့နေတာလားဒီနားလေး ရောက်နေဘီနော်
ဟီး နောက်ဘူး နောက်ဘူးဆရာပြောတဲ့ အရောင် ကျနော် လက်ခံတယ် လက်ခံတယ်
(လက်နှစ်ဖက်ကို ယှက်၍ယမ်းနေ၊ ခြေထောက်ကို တစ်ခြောင်းမြှောက် တစ်ခြောင်းကြွ လုပ်နေ)
အရောင်ကတော့ ဟုတ်ပြီအမွှေးက မွှေးတိုလား မွှေးရှည်လား
အမွှေးစကောစက ဆရာ
သေချာအောင်ပြောပါစုတ်ဖွားဖြင့် စုတ်ဖွား အမွှေးတုံးဖြင့် အမွှေးတုံး
မသိပါဘူးဆရာ
ကိုယ့်ဖာသာပဲ မှတ်လိုက်တော့မယ်နော်
ဟုတ်ဆရာ မှတ်သာ မှတ်လိုက်ပါ
အမွှေး ပန့်ကေ
ညင်
ပြီးတော့ အမြှီးတိုလားအမြှီးရှည်လား
ဖင်ကြားညှပ်ပြီးတော့တော့ ပြေးသွားတာပဲ ဆရာ ကဲ ထုံးစံအတိုင်း မြန်မြန်ပြီးသွားအောင် မှတ်လိုက် ပါတော့
ကောင်းပြီ အမြီး နှစ်ခွ
ဂရာ အမြီးနှစ်ခွ ပိန်ညောင်လည်းမဟုတ်ဘူး
မဖြစ်နိုင်ဘူးလို့ဆိုလိုချင်တာလား ခင်ဗျားက
ဟာ ဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ် အမြီး နှစ်ခွတင်မဟုတ်ဘူး သုံးခွ လေးခွလည်း ဖြစ်နိုင်တာပဲလေ တစ်ခြားသူမှမဟုတ်ဘဲ ဆရာပဲဥစ္စာ
ဘာပြောတယ်
အဟဲ ဘာမှ ဟုတ်ဘူးလုပ်ပါ လုပ်ပါ ဆက်မေးပါ ဆရာ ကျနော်ဖြေရတာ များလာလို့လား သိဘူး ပါးတွေညောင်းပြီး သွားတွေတောင်ယားလာပြီ ဟီး ဟီး
အဲဒီခွေးက ခင်ဗျားအိမ်မှာအ၀င်အထွက်ရှိလား
အဟဲ အိမ်ကအမျိုးသမီးနဲ့တော့ရင်းရင်းနှီးနှီးရှိကြပါတယ် ဟာ ဟုတ်ပါဝူး ဘယ့်နှယ်မေးခွန်းကြီးလဲ အ၀င်အထွက်မရှိပါဘူး
ဒါဆို မှတ်လိုက်မယ်ပုံမှန်ပဲ
ဟုတ် ဟုတ် ကဲ့ ဆရာ ဆရာ ကျနော် ကျနော် သွားတွေ ယား ယား လာ ပြီ ဂ ရား ဂ ရား

(အဲသလို မေးရင်း မေးရင်း လူနာ ပါးစပ်မှ အမြှုပ်များထွက်လာပြီး ဆရာဝန်နှင့် နာ့စ်မကို လိုက်ကိုက်ရင်း ကားလိပ်ချ)

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ အငြိမ့်ခွင်များကို ဘော်ဒါအပေါင်း အပျင်းတော် ပြေစေဘို့ အလျင်းသင့်သလို တင်ပြ ပေးသွားပါမည်။

No comments:

Post a Comment