Aug 12, 2015

ဂေါက်ချင်ရင် ဖတ်ပါကွယ်၊ ဂိုက်သတ်မနေနဲ့ကွယ်



  ကျနော်-----
စာရေးခြင်းကို ဝါသနာ ပါသည့် အလျောက် အတွေး စိတ်ကူးများ ပေါက်ကွဲ မြူးကြွသည့် အခါတိုင်း အိပ်မက်များကို ရိုက်ချိုးပစ်လေ့ ရှိပါသည်။ တစ်ခါ တစ်ခါ လမင်းသည် ကျနော်၏ ချစ်သူ ဖြစ်နေတတ်ပြီး တစ်ခါ တစ်ခါ ကျနော်သည် ဇီးကွက် တစ်ကောင် ဖြစ်နေပြန်ပါသည်။
ကျနော်၏ ဘောလ်ပင်သည် သစ်ပင် ပန်းပင် မဟုတ်သည့်အတွက် စာရွက်အပေါ် သို့ ပြုတ်ကျသည့်အခါတိုင်း ယိမ်းနွဲ့ခြင်း အလျဉ်းမရှိ ပကတိ ထုံးစံအတိုင်း စာရွက်များသည် ပေါက်ထွက်တတ်ပါသည်။
ပေါက်ထွက်သွားသောအပေါက်များမှလည်း နေရောင်ခြည်များ ဖြာထွက်လာသည်ကို ဘယ်သောအခါမျှ မြင်လာလိမ့်မည်ဟုလည်း ကျနော် မအောက်မေ့ပါ။
ဒါကလည်း--ဘယ်သူ့ဘယ်သူတစ်ဦးတစ်ယောက်ကမှ သွေးဆောင်ဖျားယောင်း ခြင်းမျိုး၊ အမိဖမ်းခြင်းမျိုး တစ်စိုးတစ်စိမျှ ပါဝင်ခြင်း မဟုတ်ဘဲ ကိုယ်တိုင် ကျေကျေနပ်နပ် ပူးကပ်ခုန်ဝင်လက်ထပ်ယူလိုက်သော သတို့သမီးသာ ဖြစ်ပါသည်။
အများအမြင်မှာ အကျည်းတန်တဲ့ သတို့သမီး ဖြစ်နေလင့်ကစား ကျနော့်အတွက်တော့ သူမဟာ လှနတ်သမီးပါပဲ။
ကိုယ်တိုင်လည်း အိုးထဲက ဆန်ဟာ လျှံထွက်ကျလာတာမျိုးလည်း မရှိတဲ့နောက်တော့ မီးတောက်တစ်ခု ဖြစ်လာအောင် ဖန်တီးပါစေဦး နဂါးတွေကြားမှာ ကျနော်ဟာ အရိုးနဲ့ အသားတောင် ရှိမှာ မဟုတ်တော့ပါဘူး ဆိုတာလည်း နားလည်ပါတယ်။
အောင်မှတ်သည် အင် အားနဲ့ ဆန့်တန်းမှ မမှီ့ တစ်မီ ထိရုံသာ ခံစားလိုက်ရတဲ့အခါ စိတ်အနာတရ ဖြစ်တာ မဆန်းပါဘူး။ မျက်စိနဲ့ နားထောင်ကြည့်လိုက်တော့ မှတ်ချက်ပြု စကားလုံးတွေက ခင်မင်မှုနဲ့ နယ်ဖပ် ရောသမရင်း ကြိုးဝိုင်းထောင့်မှာ နလန်မထူနိုင်အောင် အလဲထိုး ပစ်လိုက်ကြ၊ အမှတ်စဉ် ရေတွက်မှုတွေက အုတ်အော်သောင်းနင်း၊ အမှန်တကယ်က ဘဲဥကွဲရုံ သက်သက်ကလေးမျှသာ၊ ဖြစ်စေချင်တာ တစ်ကွင်းလုံး ညံစေချင်တာ၊ ဒီလိုမဟုတ်ဘူး၊ အားနာ ပါးနာမှုတွေကလည်း အလိုက်မသိ ဂဃနဲ့ နဏတောင် မခွဲခြား ဇွတ်အတင်း ဂုဏ်ထူးတန်း တင်ပေးနေတော့တာပဲ။ မြင်ပြင်းကပ်လိုက်ပုံများ မပြောချင်ပေါင်တော်ရေ လို့သာ အော်လိုက်ချင်တော့။
တစ်ချို့များ ကြိုးစား ပမ်းစား အဝိဂတ ပစ္စယောတိ မလုပ်ချင်ဘဲ လုပ်နေကြ၊
တစ်ချို့ကတော့ အသုံးလုံး တက်နေကြဆဲ၊ တစ်ချို့ကတော့ မျက်စိ မမြင်သည့်အတွက် အလင်းအမှောင်ဆိုတာ အရသာ ခြောက်ပါးထဲကို ထည့်မထားဘူး၊ အေးပါလေရော၊ တစ်ချို့ကတော့ စိတ္တဇဆေးရုံးအားကိုးပြီး မိုးခါးရေတွေ သောက်နေလိုက်ပုံများ လက်ဖဝါးနဲ့ ရင်ဘတ် ကပ်ထားရတဲ့အထိပါပဲ။
တစ်ခါသား----ကျနော် ကြယ်တွေနဲ့ ရန်ဖြစ်ကြည့်တယ်၊ ကျနော့် အကျည်းတန်မလေး လမင်း သို့မဟုတ် လှနတ်သမီးနဲ့ စိတ်ကောက်လိုက်ကြတယ် အဲဒီမှာ ကြယ်တစ်လုံး ကြွေကျသွားတယ်၊ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတယ်၊ ကျနော် ထို အလင်းတန်းကို အမိအရ ဖမ်းဆုပ်ပီး ဓာတ်ပုံရိုက်ယူလိုက်တယ် ပီးတော့ နေရောင်ခြည်အဖြစ် ပြောင်းလဲ ထုတ်ယူလိုက်တယ်၊ ဒါကို သတိထားမိသွား ကြတဲ့အခါ ကျနော့်ကို လိမ်လည်မှုနဲ့ ဖမ်းကြမလားဆိုပီး ကျနော့်အတွေးနဲ့တင် ကြောက်ရွံ့နေတုန်းမှာပဲ ---ထင်မှတ်မထားဘူး အံ့အားသင့်ဘွယ် ကောင်းပုံများ ဂိုးသွင်းသမားကို ကြည့်တဲ့ မျက်ဝန်း အစုံများနဲ့ ကျနော့်ဆီ အအုပ်အဖွဲ့ကြီး ပြေးဝင်လာလိုက်တာ ကြောက်ခမန်းလိလိ။
ကျနော် သိလိုက်ပါပြီ။ တကယ်ဆို ဘာမှ မဟုတ်ဘူး၊ သို့သော်
ပီတိအတုတွေနဲ့အတူ ကျနော် အခုချိန်မှာ မော်ဒယ်လ်မလေးတွေနဲ့တော့ ဆပ်စလူး ထတတ်နေပါပြီ၊ နောင်လည်း ထနေပါတော့မည်။

[ကိုင်း ရေးလို့ မပြီး တပြီးပဲ---မိတ်ဆွေ ဒီစာဖတ်ပြီး ခင်ဗျား ရူးမလား
ဒါမှမဟုတ် ကျနော် ရူးရမလား၊ ကျနော်ကတော့ အစကတည်းက ဂေါက်တောက်တောက်မို့--မိတ်ဆွေသာ လိုက်ခဲ့ပါတော့၊ ရှိတ်ကင်း]

(ဒီလိုဗျာ အမှန်က ကျနော်ပြောချင်တာက အဲ--နေဦး၊ မိတ်ဆွေ အရင် နည်းနည်း လောက်ပြောကြည့်လေ၊ ပြီးမှ အတူတူ ပေါင်းပြီး လွဲကျတာပေါ့)

No comments:

Post a Comment