Feb 15, 2016

[ တစ်ခါတုန်းက တန်ဆောင်မုန်းလပြည့်နေ့ည အမှတ်တရ ]


နောက်နေ့ မနက်လည်းရောက်ရော---
အရပ်ထဲက တစ်ခုတည်းသော ဆေးခန်းလေးရဲ့ ဒေါက်တာ့န်ာမည် ရေးထားတဲ့ ဆိုင်းဘုတ်ကလေး ထုံးစံအတိုင်း သူ့နေရာလေးမှာ ချိတ်ဆွဲထားတာ မရှိတော့ပါဘူး
ထုံစံအတိုင်း ဆရာလည်း သူ့ဆိုင်းဘုတ်လေး ဘယ်မှာ ရှိတယ်ဆိုတာ အတတ်သိပြီးသူမို့ ဘယ်ကိုမှ မရှာ၊ မြောက်ဘက်ယွန်းယွန်းစီက တံတားကျိုးသချိုင်းဆီသို့ သာ ခြေလှမ်းကို ဦးတည်ပါသည်။
သေချာပါသည် သူ့အမည်နဲ့ ဆိုင်းဘုတ်ကလေး အုတ်ဂူတစ်ခုခု ဒါမှမဟုတ် မှတ်တိုင်တစ်ခုခုမှာ ချိတ်ဆွဲထားလိမ့်မည်ဆိုတာ----
ဖွက်ထားတဲ့သူက အထာပါသည်ဟု ပြောရမည်။ ဆရာကုသပေးလိုက်တဲ့ လူနာတွေ ဒီမှာ ပါလို့--- ပြောပြနေသယောင်
-------------------------------------------
ဦးသံချောင်း ဒေါ်ခင်တုတ်တို့ အိမ်က ဘယ်နားမှာလဲခင်ဗျာ သိရင်ကျေးဇူးပြုပြီး ညွှန်ပေးပါ့လား
ဟု လက်ဘက်ရည်ဆိုင်ရှေ့မှာ စုံစမ်းနေသည်၊ ဒါနဲ့ တစ်ယောက်က
ဘာဖြစ်လို့လဲ ပြန်မေးတော့ သူက လက်ထဲက ပံ့သကူစာရွက်လိပ်ကလေး ထုတ်ပြပြီး ဒါလေးပါ ဟု ပြောသည်။
မေးသူက စာရွက်ကလေးယူပြီး ရေးထားတဲ့ စာကို အသံထွက် ဖတ်လိုက်သည်။
ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး မနက်ဖန် လာယူပါ
ဦးသံချောင်း ဒေါ်ခင်တုတ် (မင်းတဲ့အီကင်းရပ်)---
စာလည်း ဆုံးရော လက်ဘက်ရည်ဆိုင်ထဲက လူအတော်များများ တ ဟား ဟား ဟား နှင့် ပွဲကျကုန်သည်။ လူစိမ်းခမျာ အူတူတူဖြစ်ပြီး ဘာများ ရယ်စရာ ပါလို့လဲဗျ ဟုမေးတော့ တစ်ယောက်က
ရယ်စရာတော့ သိပ်မပါပါဘူးဗျာ--ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံးဆိုလို့ပါ---ဒီစာထဲကအတိုင်း ခင်ဗျား အဲဒီအိမ်သွားလို့ကတော့ ဆန်တွေ ဆီတွေ ရ မရတော့ မသိဘူး၊ ခင်ဗျားမှာ ပါတဲ့ ပိုက်ဆံနဲ့ အဝတ်အစားလေးတွေ ချွတ်ပြီး ဒါန ပြုချင်ပြုသွားရမယ်ထင်တယ်၊ ကျနော်တို့ အရပ်ထဲမှာ အဆင်းရဲဆုံး ဗျ---
ဟင်--ဟုတ်လား---အတော်နောက်တဲ့ လူတွေကွာ ရေးစရာ ရှားလို့ တော်သေးတာပေါ့ မရှိဆင်းရဲတဲ့သူ ကို လှောင်ပြောင်သ လို ဖြစ်မိတော့မလို့ ဟု ညီးတွားရင်း စာရွက်ကို လွှင့်ပစ်ရင်း ထိုလူစိမ်းခမျာ အူကြောင်ကြောင်နဲ့ ပြန်သွား ရှာလေတော့သည်။
နောက်ပိုင်းမှာ ထိုသူ လွှင့်ပစ်ခဲ့တဲ့ ပံ့သကူ စာရွက်ကလေး လက်ဘက်ရည် ဆိုင်ထဲက လူတွေ ဝုန်းဒိုင်းကြဲပြီး ဝိုင်းလုနေကြတယ် ဆိုတာကိုတော့--- အဝေးရောက်သွားပြီဖြစ်တဲ့ အခြားနယ်က ထိုလူစိမ်း မသိလိုက်ရှာပါဘူး။
တကယ်တော့--ဦးသံချောင်း ဒေါ်ခင်တုတ်ဆိုတာ အရပ်ထဲမှာ အချမ်းသာဆုံး စာရင်းဝင်တွေလေ၊ ဆန်တစ်အိတ် ဆီတစ်ပုံးဆိုတာ ဖြစ်နိုင်တာပဲပေါ့၊ အူတူတူ ငနဲဆိုပြီး မင်မောင်းကောင်းကောင်းနဲ့ တစ်ယောက်က ဖိန့်လိုက်တော့ အရိပ်ပြ အကောင်ထင်တတ်တဲ့ မင်းတဲအီကင်း သားတွေပဲ ဘေးကနေပါ နရီ စည်းချက် အကိုက် အံဝင်ခွင်ကျ လိုက်ပေး လိုက်တော့ လူစိမ်းခမျာ ယုံမှားသံသယ ကင်းကင်းနဲ့ ပံ့သကူ စာရွက်ကလေး လွှင့်ပစ်ရင်း ထွက်ခွာသွားရရှာလေတော့သတည်းပေါ့လေ။
အဲဒီနောက်---
စာရွက်ကလေး ရတဲ့သူအပါအဝင် နှစ်ယောက် သုံးယောက်လောက် စုပေါင်းပြီး တစ်ပျော်တစ်ပါးကြီး တဟေးဟေး တဟား ဟား ပျော်မြူး ဟစ်အော်လို့ ဦးသံချောင်းတို့အိမ်ဂေဟာသို့ သွားကြပါလေတော့သည်။
ပြောရရင်တော့--ကတုံးပေါ် ထိပ်ကွက်လိုက်ကြတာပါပဲ၊
သိပ် မကြာခင်မှာပဲ---
ထိပ်ကွက်သမားများ ပံ့သကူ ပိုင်ရှင် အလှူဒါယကာကြီး ဦးသံချောင်းတို့ အိမ်ရှေ့သို့အရောက်---
ဟင်---ခြံတံခါးကြီး ပိတ်ထားပါလား၊ မနိုးကြသေးဘူးထင်တယ်၊ ဟော---ဟိုမှာ အစောင့်မောင်မြင့်တစ်ယောက်တော့ ရှိတယ်ကွ၊ လှမ်းခေါ်ကွာ
ဟေ့ ဟေ့--မောင်မြင့်
မောင်မြင့်ဆိုသူ အစောင့်က အော်သံကြားသဖြင့် လှည့်ကြည့်သည်။ ပြီးတော့ သူတို့ဆီ ဦးတည်လျှောက်လာပြီး ဘာကိစ္စလဲ မေးသည်
ပံ့သကူ ကိစ္စပါကွာ ဦးသံချောင်းတို့ မနိုးသေးဘူးလား ဒီမှာ ပံ့သကူ ညက ငါတို့ ရလာလို့---အဲဒါ အဲဒါ သူငယ်ချင်း တစ်ဆိတ်လောက် နှိုးပေးပါ့လား
ပံ့သကူ---အာာာာာာာ မဖြစ်နိုင်တာ--ဆရာတို့ တစ်မိသားစုလုံး မနေ့ကပဲ မေမြို့ အကုန် တက်သွားကြပေါ့၊ ဘယ်သူမှ မရှိဘူးကွ၊ တစ်ယောက်ယောက် နောက်လိုက်တာ နေမှာပါကွာ မဟုတ်လောက်ပါဘူး၊
ငင့်အင်----အဲဒါမှ သေကြရောဟ၊ ပါးစပ်နားရောက်မှ ပြုတ်ကျတယ်ဆိုတာ ဒါနေမှာဟေ့၊ ဒါနဲ့ သူတို့က ဘယ်လောက်ကြာမှ ပြန်လာကြမှာတဲ့လဲကွ
အဲဒါတော့ အတတ်မပြောတတ်ဘူး၊ တစ်ပတ် ဆယ်ရက်တော့ ကြာမယ်လို့ ပြောသံကြားတယ်
ကိုင်းဟေ့---ပြန်ကြစို့ဟ---အလကားကြံရင် အလဟသဖြစ်တယ်ဆိုတာ ဒီလို ဟာမျိုးကိုပြောတာနေမှာ--လစ်ကြစို့ အင့်ဟာ သွားလေရော့ ပံ့သကူ---
ပံ့သကူစာရွက်လေး ခြံတံခါးရှေ့ လွှင့်ပစ်ရင်း သူတို့တစ်တွေလည်း ထွက်သွားရော---အစောင့်မောင်မြင့်ဆိုသူက စာရွက်ကလေး အသာ ကောက်ယူရင်း--- အိမ်ဘက်သို့ အလှည့် အိမ်ရှင် ဦးသံချောင်းကြီး---အပေါ်ထပ်လှေခါးမှ ဆင်းသက်လာသည်ကိုတွေ့လိုက်ရတဲ့နောက်--အစောင့်မောင်မြင့်သည်
ဆရာကြီး---ညက ကျနော် ပံ့သကူလေး--
အော် အေး အေး---မင်း ရတယ်လား---ဈေးဦးပေါက် ကံကောင်း တာပေါ့ကွယ်၊ ကျန်တာတွေလည်း လာချင် လာဦးမှာ မောင်မြင့် ခြံတံခါး ဖွင့်ထားလိုက်တော့
ဟုတ် ကဲ့ ဆရာ---ဟုတ်ကဲ့
ကိုင်း---ဘယ့်နှယ်ရှိစ--ထိပ်ကွက်ပေါ် တံတွေး အဆွတ်ခံလိုက်ကြရပုံများ အီကင်းသားအချင်းချင်း ကင်းတုတ်ခံလိုက်ကြရတယ်လေ၊
နောက်ထပ်များ ပံ့သကူစာရွက်လေးတစ်ရွက်--ဆန်တစ်အိတ်နှင့် ဆီတစ်ပုံး--ဆို ဆက်လက် ထွက်ပေါ်လာပါဦးမည်--အဲဒီအခါကျရင်သာ---အီကင်းသားများ----
အင်းလေ ကင်းကျော်ခံရတဲ့ အသီးဆိုတော့လည်း နည်းနည်းတော့ ခါးသက်သက်ဖြစ်နေတတ်တာပေါ့။
---သူတို့လည်း ကင်းသမား ဟိုကလည်း ကင်းသမား ကင်းသမားအချင်းချင်း ကင်းတုတ်ခံရတာ---ညံ့တဲ့ကောင်--ကြက်ပဲပေါ့။
ကင်းဦးကင်း ကြက်ဦးကြက်မဟုတ်လား၊ မင်းတဲအီကင်းသားဆိုတာ တစ်ခါတစ်လေ အဲသလို ကြက်ဘဝလည်း ရောက်ဦးမှ----မှတ်မှာ။
တစ်ခါတုန်းက အမှတ်တရများပြောပါတယ်။

No comments:

Post a Comment