Feb 15, 2016

[ လမ်းလျှောက်တိုင်းလည်း လိုနေတာ၊ စဉ်းစားပါ ဘယ်ဘယ် ညာညာ ]


ကောင်လေး
ဗျာ--ဆရာ
ဒီကို ခဏ
ဟုတ်
လမ်းလျှောက်တော့မယ်ဆိုရင် မင်းအနေနဲ့ ဘယ်ခြေလှမ်းအရင် စထွက်သလား၊ ညာခြေလှမ်းအရင် စထွက်သလား
သတိထားမိဘူး ဆရာ
အဲဒါခက်တာပဲ---မင်း လမ်း မလျှောက်တတ်သေးတာ သေချာတယ်၊ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို--အသေးအဖွဲလေးတွေကအစ ဂရုတစိုက် ရှိတတ်ရမယ်ကွ--နောက်ကို---ခြေလှမ်းစလှမ်းတော့မယ်ဆိုရင် ညာခြေလှမ်းက စပြီးလှမ်း---ကြားလား
ဘာဖြစ်လို့လဲ---ဘယ်ခြေထောက်ကစလှမ်းလှမ်း ညာခြေထောက်က စလှမ်းလှမ်း အတူတူပဲ မဟုတ်ဘူးလား ဆရာ
လုံးဝ မတူဘူး၊ သီအိုရီအရ ငါက ပြောနေတာ၊ ဘယ်ခြေလှမ်းက စလှမ်းတဲ့သူဟာ စိတ်ဓာတ် ပျော့ညံ့တဲ့သူ၊ စိတ်အားငယ်တတ်တဲ့သူ၊ ပြီးတော့--ခရီးပန်းတိုင်တစ်ခုကို အရောက်လှမ်းတဲ့ နေရာမှာ ဆုံးခန်း တိုင်အောင် မရောက်တတ်ဘူးဆိုတဲ့ သဘောသဘာဝကို ဆောင်တယ်
တစ်ခါမှလည်း မကြားဘူးပါလား
မင်း ဘယ်ကြားဘူးမလဲ---ငယ်သေးတာကိုး
ဒါပေမယ့် လက်ဝဲ သမားလို့တော့ ကြားဘူးတယ်၊ အဲဒီလို လူတွေကဖြင့် ဆရာပြောသလို စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ မဟုတ်ပါဘူး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ သူတွေကို ပြောတာဆို
မင်းက ဘယ်လောက်တတ်လို့--ငါ့ ဆရာ ပြန်လုပ်နေရတာလဲ၊ ငါက သီအိုရီအရ ဖော်မြူလာအရ ပြောပြ သင်ပြနေတာလေ
ဟုတ် ဆရာ၊ အထင်ကို ပြောကြည့်တာပါ၊ ဒါနဲ့ ညာခြေလှမ်းက စလှမ်းမိရင်ကော ဘာတွေထူးခြားလဲ
သိပ်ထူးခြားတာပေါ့ကွ၊ ညာလက်ရုံးတို့၊ ညာသံပေးတယ်တို့ ဆိုတဲ့စကားမှာ ညာဆိုတဲ့ စကားလုံးကိုက ခန့်ခန့်ညားညား ပါဝင်နေတယ် မဟုတ်လား၊ အားအင်ကြီးမားခြင်း၊ အစုအပေါင်းနှင့် ညီညာထကြွခြင်း နိမိတ်ပုံကို ထင်ဟပ်စေတယ် ရှင်းလား
ဟုတ် ရှင်းတယ်၊ ဒါဆို ညာတာပါတေးတို့ လိမ်ညာတာတို့ ညောင်းညာ ကိုက်ခဲတို့ သာပေါင်းညာစား တို့မှာလည်း ညာဆိုတဲ့စကားလုံး---
တော် တိတ်---မင်းကဆရာလား ငါက ဆရာလား၊ ညာဆိုရင် ညာလိုက်ပေါ့ ဘာဖြစ်လို့ ကြက်တွန့်တက်နေရတာလဲ---
ဟုတ်ဘူးလေဆရာ--ဆိုလိုတာက----
ဆိုလိုတာကတွေ ဘာတွေ လုပ်မနေဲ့---ညာခြေက စလှမ်း---
ဟုတ်ကဲ့ပါ၊ လေရှူတဲ့အခါဆိုရင်ရော ဘယ်ဘက်နှာခေါင်းပေါက်နဲ့ ရှူရမှာလား၊ ညာဘက်နှာခေါင်းပေါက်နဲ့ ရှူရမှာလား ဆရာ
ဘာလဲ--မင်းက ငါ့ကို ရွဲ့တာလား
ဟုတ်ပါဘူး သိချင်လို့ပါ
အေး သိချင်ရင် ဖြေမယ်---ဘယ်အရာလုပ်လုပ် ညာဘက်က စပြီးလုပ်
ချက်ပေါက်နှိုက်ချင်ရင်ရော ဆရာ
မင်း--ငါ့လာ လက်ပေါက်ကပ်နေတာလား၊ ချက်ပေါက်က တစ်ပေါက်ထဲကွ၊ လူ့ခန္ဓာကိုယ်မှာ နှစ်ခုရှိတဲ့အရာတွေ မှန်သမျှ ဘယ်နဲ့ညာဆိုပြီး အညီအမျှ ဟိုဘက်ဒီဘက် ခွဲပြီး တပ်ထားတယ်၊ ဘယ်ညာ ခွဲလို့မရတဲ့ တစ်ခုထဲရှိတဲ့ အရာမှန်သမျှ အလယ် ဖမ်းချိတ်ထားတယ် မြင်လား မျက်စိထဲ
မြင်တယ်ဆရာ မြင်တယ် ကွက်ကွက်ကွင်းကွင်းကို မြင်ပါတယ်၊ ဟီးဟီး
မင်းက ဘာရယ်တာလဲ၊ ဘယ်ဟာကို မျက်စိထဲ မြင်နေတာလဲ
ဟုတ်ပါဘူး လည်ချောင်းတို့ မေးစေ့တို့ နှာဖူးတို့ ပြောတာပါ
ပြီးရော---ငါပြောတာ မှတ်မိလား
ဟုတ် မှတ်မိပါတယ် ဆရာ
ခြေလှမ်းစလှမ်းတော့မယ်ဆိုရင် ဘယ်ခြေထောက်က အရင် စလှမ်းရမလဲ
ညာခြေထောက်ပါ ဆရာ
အိုကေ--တော်တယ်၊ သွားတော့---သွားတော့---
ဟဲ့ မောင်ရင်လေး
ဗျာ ဆရာမ
မင်း ခြေထောက်က ဘာဖြစ်လို့လဲ
ဘာမှ မဖြစ်ပါဘူး ဆရာမ
ဘာမှသာ မဖြစ်ဘူးပြောတယ် မင်း ကြည့်ရတာ လှည်းဖြတ်ကြိတ်ထားတဲ့ဂဏန်းလိုလို ခြေတစ်ဖက်ပြတ်နေတဲ့သူ ဂျိုင်းထောက်နဲ့ သွားနေသလိုလိုပဲ
အာာာ--မဟုတ်ပါဘူး ဆရာမကလဲ၊ လမ်းလျှောက်တဲ့အခါ ညာခြေလှမ်းက စထွက်ဖြစ်အောင် သတိထားရင်း ထားရင်းနဲ့ အဲဒီပုံပေါက် သွားတာ၊ သတိ ထားလေ အတော်ဒုက္ခရောက်လေပါ ဆရာမရယ်
ဘာဖြစ်လို့ ညာခြေက စလှမ်းချင်ရတာလဲ
မသိပါဘူးဆရာမရယ် လမ်းစလျှောက်တဲ့အခါ ညာခြေလှမ်းက အရင် စထွက်ရမယ်တဲ့
အင်---မင်း ဘယ်သူပြောလဲ
ဆရာ ဦးကြောင်ထွန်းက
သွားပြီ---မင်းတော့---လူပေါင်းမှားပြီ
ဗျာ---
ဟုတ်တယ်---မဟုတ်တဲ့ သဘောတရားတွေ နိယာမတွေ သီအိုရီတွေကို မင်း အသင်ခံလိုက်ရပြီ--တော်သေးတာပေါ့ ဆရာမနဲ့ အချိန်မီသာ မတွေ့ရင် မင်း ဘဝတော့ မတွေးရဲဘူး၊ ငါးပါးမှောက်တော့မလို့
အန်----ဘာဖြစ်လို့လဲ ဆရာမ၊ ညာခြေလှမ်းက စလှမ်းတဲ့အခါ အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်တဲ့ နို့မဟုတ်ရင် ဆုံးခန်းတိုင်အောင် မရောက်ဘူး မပေါက်မြောက်ဘူးတဲ့
အလကား--လျှောက်ပြောနေတာ၊ သူပြောတာတွေခုချိန်ကစလို့ မေ့ပစ် လိုက်၊ မင်း မြဲမြဲမှတ်ထားရမှာက လူဆိုတာ မေးခွန်းတွေနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ၊ ဒီတော့ လမ်းစလျှောက်တဲ့အခါ ဘယ်ခြေက စထွက် ရှင်းလား
ဂျာာာာာာာာာာာာ
ဟုတ်တယ်လေ၊ နိစ္စဓူဝ ဘယ်လဲ ဘာလဲ ဘယ်အချိန်လဲ ဘာလုပ်မှာလဲ ဘယ်သူလဲ ဘယ်လောက်လဲ---ဆိုတဲ့ မေးခွန်းတွေနဲ့ စခန်းသွားနေရတာမဟုတ်လား၊ ညာခြေ ဘယ်ခြေ မှာကိုပဲ ကြည့်စမ်း၊ ဘယ်ခြေထောက်လဲလို့ မေးတဲ့အခါမှာကို ဘယ်ဆိုတဲ့ အရာက အဖြေထဲမှာ ပါနေပြီးသား၊ ဘယ်ခြေ ညာခြေလို့ ခွဲခြား မပြောဘဲနဲ့ကို ဘယ်ခြေက တစ်ပန်း သာနေပြီ၊ ဆရာမ ပြောတာ သေချာလေး စဉ်းစားကြည့်လိုက်စမ်း
ဆရာမ ပြောပြလိုက်တော့လည်း ဟုတ်တော့ ဟုတ်သားနော်
အဲဒါပြောတာပေါ့၊ အတန်းထဲမှာ ပထမနဲ့ ဒုတိယ ဘယ်အဆင့်ကို ရချင်လဲ မေးကြည့်လိုက်---
ပထမပဲ ရချင်တာပေါ့ ဆရာမရယ်
ဒါပဲလေ--ဆရာမပြောတာ အဲဒါပဲ၊ မင်း ဟိုအူကြောင်ကြား ဆရာပြောတာတွေ သွားနားမယောင်နဲ့---ဆရာမပြောသလို ဘယ်ခြေထောက်ကလေးက စလှမ်းလိုက်စမ်း---မောင်ရင်လေး
ဟုတ် ဆရာမ---ဒီကနေ့ကစလို့---ဘယ်ခြေထောက်နဲ့ စထွက်မိအောင် ကျင့်ပါတော့မယ်----ခက်တာက ညာခြေနဲ့ စထွက်တဲ့ကျင့်သားက အတော်လေးကို ဟုတ်နေပြီးသားဆိုတော့--တတ်နိုင်ပါဘူးလေ ပြန်ပြီးတော့ ဖျက်ဆီးပစ်ရမှာပါပဲ----ဆရာမပြောတာလည်း ဟုတ်နေတာကိုး---
အစက ကိုယ့်ဘာသာကိုယ် သတိမထားမိဘဲ မသိစိတ်နဲ့ လှမ်းလျှောက်နေခဲ့တာ အဟုတ်၊ ဘယ်က စထွက်ထွက် ညာက စထွက်ထွက်--တိုင်မင်က ကိုက်၊ နှေးမလား၊ ပြေးမလား၊ ရပ်မလား၊ မြန်မလား အော်တိုမစ်တစ် အိုစကေ စမတ်ကို ဂွမ်နေခဲ့သည်၊
အခုနောက်ပိုင်းမှာ ဆရာရဲ့ ညာခြေလှမ်း သီအိုရီ ကျင့်စဉ်တစ်ဝက်ကို ဖျောက်ဖျက်ခြင်း အမူနှင့်အတူ ဆရာမရဲ့ ဘယ်ခြေလှမ်း စထွက်နည်း နိသရည်းကို ပြန်လည်အစားထိုး ကျင့်လိုက်တဲ့အခါမှာ
ယကလယ်ရိုက် အူချာပေါက်လို့ ခဏခဏ မှောက်လျက် လဲကျပါလေရော--ဗျို့
(ကျနော်ကလည်း ခပ်ဂေါက်ဂေါက်ကိုးဗျ------)
နောက်ပိုင်းမှာ သိရပါသည်
လမ်းလျှောက်တတ်သည် ဖြစ်စေ
မလျှောက်တတ်သည်ဖြစ်စေ၊ လူတိုင်းကို လမ်းလျှောက်နည်း၊ ခြေလှမ်းစထွက်နည်း ကျင့်စဉ်တွေကို---သင်ကြား ပြသပေးရမည့် တာဝန်သည် အော်--ထိုသူတို့၏ အလုပ်တာဝန် ရီပွန်းဇဘလက်တီး---အီးဟီးဟီး ဖြစ်ပါကြောင်း---တဲ့။ လဲဟ လဲဟ။

No comments:

Post a Comment