Feb 15, 2016

[ ဥာဏ်မမီလို့ တွေးမိတာပါ ]


ကိုယ့်လက်ပေါ် မီးကျမှ ပူတယ်ပြောလဲ ခံရမှာပါပဲ
တစ်လခွဲအတွင်းမှာ ကိုယ့်မိသားစုဝင်ထဲက နှစ်ယောက် ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်သည်---တစ်ယောက်က ယောက်ဖ၊ နောက်တစ်ယောက်က သားတော်မောင်၊ ညအချိန်ကြီး အိုပီဒီရောက်ဘူးခဲ့ကြ၊
ဦးနှောက်နှင့် အာရုံကြောဌာန မရောက်ခင် ကြားထဲက အကြောင်းအရာများကို မပြောပြတော့ပါ၊ အဓိက ဆိုလိုချက် မဟုတ်တဲ့အတွက် ချန်လှပ်ခဲ့ပါ့မယ်၊ နို့မဟုတ် အဲဒါတွေပါ ထည့်ပြော ထည့်ရေးနေရင် ဘုတ်အုပ်ကြီးတစ်အုပ်စာမျှ ထူသွားနိုင်ကိန်းရှိတဲ့ အတွက်ကြောင့်-နော ကိုယ် ဥာဏ်မမီတာလေး ပြောကြည့်မလို့-----
အိုပီဒီဌာနရယ် ဦးနှောက်နှင့်အာရုံကြောဌာနရယ်က အနည်းငယ်လှမ်း၊
တွန်းလှည်းပေါ် လူနာကို တင်၍ တွန်းသွား၊ ခေါင်းထိခိုက်ထားတဲ့ ကိုယ့်လူ ခမျာတွန်းလှည်းကို တဂျုန်းဂျုန်းမြည်အောင် ဖြည်းနိုင်သမျှ ဖြည်းဖြည်း တွန်းနေတာတောင်မှ မျက်နှာက ရှုံ့တွနေ၊ ဟုတ်ရှာမှာ၊ လှည်းပေါ် ဒီအတိုင်း ပက်လက် ဆန့်ဆန့်ကြီး ဘာအခုအခံမှ ခေါင်းအောက် ခုပေး မထားတော့ နာကျင်ရှာမှာပေါ့၊ အော်ရှာမှာပေါ့၊ ကိုယ်တွေလည်း ကိုယ့်လူနာ နာမှာစိုးသည့်အတွက် ဖြည်းဖြည်း ဖြည်းဖြည်း အော်နေပေမယ့် သူ့ခမျာ ကံအနည်းငယ် စိုးရှာသည်ထင့် ကော်ရိတာလမ်းရဲ့ အချို့နေရာ အထူးသဖြင့် ဓာတ်လှေကားနားရောက်ခါနီးမှာ ကြွေပြားတစ်ချက်တစ်လေ ကလေး လွတ်နေတဲ့ ချိုင့်ခွက်ကလေးထဲ လှည်းဘီးကျသွားတော့ ကိုင်ဆောင့်သလိုဖြစ်သွားတယ်ပေါ့လေ---ခမျာ ဥခေါင်း မိုးကြိုးပစ်သလိုများ ဒါမှမဟုတ် ဆယ်ပေါင်တူနဲ့ အနှက်ခံရသလို ခံစားသွားရရှာသလား မသိပါဘူး---အီး ခနဲ အသံ ထွက်လာရှာသေးသည်၊ ဒါလောက်တော့ ခံနိုင်ရည် ရှိရမှာပေါ့ ယောက်ျားတွေပဲဟာ၊ ခေါင်းထိလာတာပဲဟာ
ခေါင်းကိုင်ဆောင့် ပစ်သလို ဖြစ်သွားတာလေးများ အဲသလို အီးလို့ အော်စရာလား------လို့၊
ဓာတ်လှေကားထဲသို့ တွန်းလှည်းကို တွန်းလွှတ်ရှန်တိန်လုပ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ရောက်ရှိသွားပြီးသကာလ မောင်းသူ၊ လူနာ၊ တွန်းလှည်းနှင့် အပိုနှစ်ယောက်၊ ကျန်တဲ့သူများ လှေကားမှ ကိုယ်ပိုင်ခြေထောက်နှင့်---ဒိုးပါ၊ ဓာတ်လှေကားမောင်းပိုင်းလော့က လှည်းတွန်းသူကိုယ်တိုင်လေ၊ အစိမ်းဝိုင်းခလုတ်လေးက ရွေ့လျား အထက်အောက်၊ အနီဝိုင်းခလုတ်က ရပ် စတော့၊
အပေါ်ထပ်ရောက်တော့ အစိမ်းနှင့်အနီကို ကျွမ်းကျင်စွာ ထိန်းညှိလိုက်တဲ့အခါ ဓာတ်လှေကား ကြမ်းပြင်နှင့် အဆောက်အအုံကြမ်းပြင် တစ်မိုက်လောက် အနည်းငယ် ကွာဟပြီး ရေပြင်ညီတစ်စောင်း ထိစပ်သွား၊ အဲဒီနောက် တွန်းလွှတ်ရှန်တိန်၊ အပြင်ရောက်တော့ တစ်ခါ ဦးနှောက်နှင့်အာရုံကြောဌာနသို့ ဂျလိန်းဂျလိန်း၊
ဟော ရောက်ပေါ့--လူနာကို ဆန့်ဆန့်ကြီးအတိုင်းထိုးပြ၊ တာဝန်ကျ ဆရာများ ပျာပျာသလဲ အေးဆေး တည်ငြိမ်စွာ အင်တာဗျူး၊ လူနာလည်း ခိုင်းတဲ့အတိုင်း သွေးပူလေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးတဲ့နောက်---အဖြေထွက်လာပြီ
ကွန်ပျူတာဓာတ်မှန် သွားရိုက်ပါ--တဲ့
ဘယ်မှာ ရိုက်ရမလဲ--
ဆေးရုံကြီးမြောက်ဘက် ---ကွန်ပျူတာ ဓာတ်မှန်ရိုက်တဲ့ ပုဂ္ဂလိကဆေးခန်းဆီ----သို့
ဟင်--ဒါဆို--တစ်ခါ အောက်ထပ် ပြန်ဆင်း---
လာရာလမ်းဆီ ပြန်လည်လို့ ဦးတည်---
အတွေ့အကြုံရှိသွားပြီ၊ အလာတုန်းကလောက် အမှားအယွင်း သိပ်မဖြစ်တော့၊
ဂျလိန်း ဂျလိန်း---
ကစားမလား နားမလား၊ ဟုတ်ပါဘူး--ကားငှားမလား၊ ဒါမှမဟုတ် လူနာကို ဒီအတိုင်း ပြေးခိုင်းရမလား---ဖုန်းဆက်လိုက်ရင်တော့ အဲဒီကနေ လူနာ တင်ယာဉ် လွှတ်ပေးသတဲ့---တယ်ဟုတ်ပါလား---လား လား------
ပြောချင်တာက---ဦးနှောက်နှင့်အာရုံကြောဌာနကြီးကို ဘာဖြစ်လို့များ---အပေါ်ထပ်ကြီး လုပ်ထားရတာလဲ၊ အောက်ထပ်ကလေးများ အခန်းခြင်းချိန်းထားလိုက်ရင်၊ စဉ်းစားနေမိတာပါ၊ ပြောတော့ လွယ်တာဆိုတာမျိုးလည်း ရှိသေးမဟုတ်လား၊
အကြောင်းတော့ ရှိချင်ရှိမှာပေါ့၊
ကိုယ်တိုင်က ဥာဏ်မမီတာလေးလို့ ပြောပီးပါပကော
ကိုယ့်လက်ပေါ်ကလည်း မီးကျနေတဲ့အချိန်ဆိုတော့---လောတာ တွေးပူတာ စိုးရိမ်စိတ် လွန်ကဲတာလည်း တစ်ပိုင်းပါချင်ပါမှာပေါ့လေ၊
ကိုယ်က ပူနေလို့ သူ့ရို့ပုံစံတွေကြည့်ပြီး သွေးအေးလိုက်တာလို့လဲ အတ္တစိတ် နဲ့ ဖြစ်မိပေမယ့်---နားလည်ပေးရမှာက---ဒါမျိုးတွေက သူရို့အတွက် ရိုးဟိုးဟိုး မဟုတ်လား---အင်းလေ--ကိုယ်က ရေခပ်တဲ့သူပဲ
ရေတွင်းကတော့ ရေခပ်တဲ့သူဆီ ဘယ်လာပါ့မလဲ၊
ရေခပ်တဲ့သူကပဲ ရေရှိတဲ့ ရေတွင်းဆီ အရောက်သွားရမှာ မဟုတ်ဘူးလား၊
ရေတွင်းရောက်တဲ့အခါမှသာ---ရေရချင်တာတစ်ခုပါပဲ--လေ၊
(လူနာရှင်တစ်ယောက်အနေနဲ့ ခံစားရေးဖွဲ့မိတာပါ၊
အမှားပါခဲ့သည်ရှိသော်---ဝန္ဒာမိပါ)

No comments:

Post a Comment