Feb 15, 2016

[ အရင်းအနှီးနှင့်အကျိုး ]


------- ဘိုင်ဆပ်သည် အနီးရှိလုံတစ်ခုတွင် ဓာတ်လုံးကိုထည့်၍ ဖို၌တင်လေတော့၏။ ထို့နောက်တွင်ကား လက်ချားပေါက်ခြင်း၊ မီးပြင်းထိုးခြင်း၊ အခိုး၊ အရောင်ကြည့်ခြင်းတို့ကို ပြုလုပ်လေ၏။ ပြီးလျှင်လုံကို သံညှပ်ဖြင့်ကိုင်၍ ချပြီး အနည်းငယ်အေးစေ၍ ပြဒါးကိုလောင်း၏။ ထို့နောက် ဖိုသို့ပြန်တင်ပြန်၏။ ထို့နောက် ဦးပဉ္ဇင်းဂုရုက မီးရောင်ကိုကြည့်၍-----
နီသောအဆင်း၊ ဖြူသောအခိုး လာနေပြီ၊ အဲဒါဆိုရင် အထဲမှာ ကောလိဖြစ်ကုန်ပြီ၊ ကောလိဖြစ်ရင် မိခင်အလုံးက ပဋိသန္ဓေတည်ပြီး ကိတ်ကိုမွေးတော့မယ် ဟု ပြောလိုက်လေ၏။ ဘိုင်ဆပ်လည်း ထိုလုပ်ငန်းကို သုံးနာရီကြာအောင် လုပ်ရလေ၏။ ထို့နောက် လုံကို အေးစေပြီးလျှင် ဓာတ်လုံးကို ထုတ်လိုက်ရာ ဓာတ်လုံး၌ အဝါရောင်အဖပ်တစ်ချို့ ကပ်နေသည်ကို တွေ့ရလေ၏။ ထိုအခါ မြန်မာသမားတော်ကြီး ဦးသောင်းရွှေက---
အဆင်းအား အလင်းအား အကာအားတွေ ဝဏ္ဏအားတွေကလည်း အပြည့်အဝပါပဲ--ဟု ပြောလိုက်ရာ ဘိုင်ဆပ်သည် ဓာတ်လုံးကို ဇာဂနာဖြင့်ညှပ်၍ သံလက်သည်းစောင်းကလေးဖြင့် ခြစ်လိုက်ရာ အဝါဖပ်ကလေးနှစ်ဖပ်၊ သုံးဖပ် ကျလာလေ၏။ ထိုအဝါဖပ်ကလေးများကို ရွှေချိန်သော ချိန်ခွင်၌ တင်၍ ချိန်ရာ ရွေးကလေး တစ်ရွေးပင် မပြည့်ကြောင်းတွေ့ရလေ၏။
ထို့နောက် ဦးပဉ္ဇင်းဂုရုသည် ထိုအဝါဖပ်ကလေးကို ယူကာ မှတ်ကျောက်တင်၍ တိုက်လေ၏။ ထို့နောက် ထိုမှတ်ကျောက်ကိုယူကာ ငရဲမီးအဖုံးကိုဖွင့်၍ ပုလင်းအဖုံးတွင်ကပ်နေသော ငရဲမီးဖြင့် မှတ်ရာကို ပွတ်လိုက်လေ၏။ ပြီးလျှင်-----
မြင်တယ်မဟုတ်လား ဒကာကြီး----လောင်မီးလည်းကျခံတယ်ဗျ--ဟု ဂရုကပြောလိုက်ရာ စာတတ်ထွန်းတင်က
လောင်မီးတင်ဘယ်ကမလဲ--ဘော်နှစ်ဆနဲ့ကပ်ပြီး အမ်ဆီချက်ရင်တောင်မှ ဘာမှမဖြစ်ဘူး၊ အချက်ခံတယ်ဗျ၊ အခေါက်ဗျ၊အခေါက်၊ ပုရပိုက်အခေါက်ဆို တာ ဒါမျိုးပဲ ဟု ပြောကာ စနေမောင်မောင်၏မျက်နှာကို ကြည့်လိုက်လေ၏။
ဖြစ်တယ်ဆိုတဲ့သဘောတော့ တွေ့ပါပြီဗျာ---ဒါပေမယ့် ဒီလို မှုန်တိမှုန်ဝါး ဖြစ်ရုံလောက်နဲ့ ဘယ်လိုကယ်မတုန်း၊ ခင်ဗျားတို့ဖြစ် တဲ့ရွှေနဲ့ မြန်မာပြည်ထားလို့ဗျာ မုဆိုးမအိမ်က ကြွက်ကိုတောင် အစာ ဝအောင် ကျွေးလို့ ရပါ့မလား၊ ဘာဖြစ်ဖြစ် နည်းရင် အာနိသင်မရှိဘူးဗျ၊ အစားပျက် အအိပ်ပျက် မီးအပူခံနဲ့ အချိန်တွေကုန်ပြီး ပြန်ရတော့ ရွှေ့ဖပ် ကလေး နှစ်ဖပ်သုံးဖပ် မီးအပူခံသပ်သပ်တွေပါလား၊ အဲသလောက်ကတော့ ဗျာ အဂ္ဂိရတ်ထိုးဖို့ မလိုပါဘူးဗျ၊ ဘယ်မြောင်းမှာ သွားကျင်ကျင် ရပါတယ်---- ကျုပ်က အဲသလောက်အရင်းအနှီးများပြီး ပြန်ရတဲ့ရွှေက အားရဖို့မကောင်း တဲ့ နှစ်ဖပ် သုံးဖပ်လောက် မလိုချင်ဘူး၊ အလှူအိမ်မှာချက်တဲ့ မိုးဗြဲဒယ်ကြီးမျိုးတွေနဲ့ ကျိုလောက်တဲ့ ပညာမျိုးကို လိုချင်တာဗျ သိရဲ့လား---
[ credit to: စနေမောင်မောင်နှင့် ပါပလူမျိုး ကိုးဆယ့်ကိုး (မင်းသိင်္ခ) ]

No comments:

Post a Comment