[ မှတ်မှတ်ရရ များ---------]
အဖေက လက်မှု ပန်းထိမ်ပညာတင် မကပါဘူး
ရွှေလောက အခေါ်---- မိုက်---လည်း ထုတ်တတ်ပါတယ်
မိုက်သူကြီးလို့ ခေါ်တာပေါ့
ပန်းထိမ်ပညာတတ်တိုင်းလည်း မိုက် ထုတ်ခြင်း အတတ်ကို
တော့ များသောအားဖြင့် မတတ်ကြပါဘူး
ကဏ္ဍတစ်ခုစီ သပ်သပ်စီ ဖြစ်ပါတယ်
မိုက်--ဆိုတာ----
ပန်းထိမ်ဖို (သို့) ရွှေအလုပ်လုပ်တဲ့ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့
အောက်ခံ မြေကြီးကို မိုက်လို့ ခေါ်တာပါ
လုပ်သက် ၆ လ၊ တစ်နှစ် ကြာသည့်အခါ၊ မိုက်ထုတ်ကြပါတယ်
လုပ်ငန်း လုပ်ကိုင်မှုအပေါ် မူတည်ပြီး သက်တမ်းအလိုက်
ဈေး နှုန်း အနိမ့် အမြင့် ကွာပါတယ်
ဆိုလိုတာက ရွှေထည်လုပ်ငန်း မပြတ်အောင်လုပ်ကိုင်နိုင်ခြင်း
ဖိုမှာ အလုပ်သမား များပြားခြင်းစတဲ့ အခြေအနေပေါ်မူတည်ပြီး
ဈေးနှုန်းကို ဖိုပိုင်ရှင်မှ ဈေးစကားကို ပြောပါတယ်
ဒါ့ကြောင့်လည်း ပန်းထိမ်ဖို အများစုဟာ အောက်ခံ မြေကြီးကို သဲနှင့် နုံးစပ်ထားသော နူံးမြေကိုသာ ဖိုအတွင်းမှာ ထည့်သွင်းကြပါတယ်
အုတ်ခုံသဘောမျိုး ခင်ထားခြင်းကို တတ်နိုင်သမျှ ရှောင်ကြပါတယ်
ပန်းထိမ်ဖိုတွေရဲ့ မိုက်ဟာ ပိုက်ဆံ စုထားသလိုမျိုး စုဗူးသဘောမျိုးပါပဲ

ဝယ်သူ မိုက်ထုတ်သူ မိုက်သူကြီးမှ လုပ်ငန်းလုပ်ကိုင်မှုနှင့်
သက်တမ်း ကာလအပိုင်းအခြားအတွက်ချက်ပြီး ဝယ်ယူရပါတယ်
သည်အချက်ကို ပိုင်ပိုင်နိုင်နိုင်တွက်ချက်နိုင်မှ ဝယ်ယူမှုမှာ
အမှားအယွင်း နည်းပါတယ်

မိုက်တွေကို ရွှေကျင်တော့မယ်ဆိုရင်
ရေထဲမှာ မျှောစင်စိုက်ပြီး ရေနဲ့ မိုက်(မြေကြီး)တွေကို တိုက်ချသည့်အလုပ်ကို
ရွှေကျင်တယ်လို့ ခေါ်ပါတယ်
မိုက်သူကြီး လုပ်သူသည် ကျင်ခွက်ကို ပိုင်နိုင်စွာ ယမ်းနိုင်ရမည်
ရွှေလှော်ရွှေချွတ် ပညာကို တတ်ကျွမ်းရမည်
ဘိုင်ခုတ် ထတ်ရမည်
(သည်အကြောင်းတွေကို နောက်မှာ ရှင်းပြပါမည်)

အဖေက ပန်းထိမ်ပညာအပြင် မိုက်ပညာကို
ညောင်ခြေထောက်က မိုက်သမားများနှင့် ခင်မင်ပြီး နောက်ပိုင်း
သင်ယူ တတ်မြောက်ခဲ့တာပါ။
အမှိုက်ထဲက ရွှေ ထုတ်တဲ့ ပညာလို့ တစ်နည်းပြောလို့ ရပါတယ်
အဖေဟာ အဲသလို အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်တတ်တဲ့ မိုက်ထုတ်ခြင်း အတတ်ပညာကို တတ်မြောက်သလို
ရွှေဖြစ်လာတဲ့အခါမှာလည်း အမှိုက်ဖြစ်အောင် ပြန်လည်ပြီး
လုပ်ပစ်တတ်ပါတယ်။ အဲဒါကတော့
အရက်သေစာ သောက်စား မူးယစ်ပစ်တာပါပဲ
မမူးတဲ့အခါ ခင်စရာ မင်စရာ အလွန်ကောင်းပြီး ချစ်စရာကြီးဖြစ်ပေမယ့်
မူးလာတဲ့အခါမှာတော့
ကြောက်စရာ ရွံစရာ မုန်းစရာကြီးလည်း ဖြစ်နေတတ်ပြန်ပါတယ်လေ။
ဒါ ပေ မယ့်
ရွှေကို အမှိုက်ပြန်ဖြစ်အောင် ဘယ်လောက်ပဲ လုပ်ခဲ့ လုပ်ခဲ့
မိသားစုအပေါ်မှာတော့
တာဝန်မဲ့တဲ့စိတ် ကင်းလွတ်ခဲ့ခြင်း မရှိသလို
ငတ်ပြတ်နေအောင်တော့ ဘယ်တော့မှ လက်လွတ်စပ္ပယ်ပစ်မထားခဲ့ဘူး
ဘာလို့လဲဆိုတော့-------အဖေဟာ အဖေဖြစ်နေလို့ပဲပေါ့
အင်း---ပြောရရင်တော့------
မူးလာတဲ့အခါ---အတော်လေးကို သွေးဆိုးလွန်းတဲ့ အဖေရယ်ပါလေ

No comments:
Post a Comment