Feb 15, 2016

[ အမှန်တကယ် ပြောင်းလဲသွားခဲ့ပါပြီ ]


ကျောက်တော်ကြီးဘုရားပွဲတော်
-အောက်မြန်မာပြည် ဇာတ်သဘင်အဖွဲ့များ ပါဝင်မှု မရှိခြင်း
-မန္တလေးဇာတ် (၆)ဇာတ်ဖြင့် (၁၃)ညတိုင်တိုင် အလှည့်ကျ ဖျော်ဖြေခြင်း
-ရုံသွင်း ကပြ ဖျော်ဖြေခြင်းမဟုတ်ဘဲ ကြည့်ချင်ပွဲ ဖြစ်ခြင်း
-ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားပရဝုဏ်ဘက်(၆၆-လမ်း၊ ကျုံးအရှေ့ဘက်လမ်းနှင့်တည့်တည့်)သို့ နယ်မြေကျော်၍ကျင်းပခြင်းမပြုဘဲ သုဓမ္မာ ဇရပ်တန်းဘက်နှင့် ဘုရားအနောက်ဘက်တွင်သာ ကျင်းပခြင်း
-ဘုရားဂေါပကအဖွဲ့များ အသစ်ပြန်လည် ဖွဲ့စည်းခြင်း
-ယခုနှစ်တွင်ကျောက်ဆင်းတု ကျောက်တော်ကြီးဘုရားအား ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်း
ဘုရားသုံးဆူဘုရားပွဲတော် (လမ်း၃၀)
-နှစ်စဉ် သီတင်းကျွတ်လဆန်း(၁၀)ရက်နေ့ညတွင် အငြိမ့်ပွဲဖြင့် ဖျော်ဖြေ ကျင်းပခဲ့ရာမှ ယခုနှင့်တွင် တီးဝိုင်းနှင့် အငြိမ့်ခန်းသာ ပါဝင်ခြင်း
အိမ်တော်ရာ ဘုရားပွဲတော်
-နှစ်စဉ် (၁၁)ရက်နေ့ည၊ (၁၂)ရက်နေ့ညများတွင် အနည်းဆုံး အငြိမ့်ပွဲ(၂)ပွဲ ဖြင့်လည်းကောင်း၊ အနောက်ဘက်မုခ်တွင် ဇာတ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ စည်တော်ကြီးဖြင့် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် အငြိမ့်(၁)ပွဲနှင့် စည်တော်ကြီးပွဲသာ ထည့်သွင်းကျင်းပခြင်း
ရတနာမဉ္ဇူဘုရားပွဲတော်
-ဟိုးယခင်နှစ်များဆီက ဘုရားပရဝုဏ် လေးဘက်လေးမျက်နှာတွင်
လဆန်း(၁၃)ရက်နေ့ညတွင် အနောက်ဘက်မုခ်မှာ ဇာတ်ပွဲတစ်ခု၊ အရှေ့ဘက်မုခ်မှာ ဇာတ်ပွဲတစ်ခု၊ (၁၄)ရက်နေ့ညတွင် ၄င်းဇာတ်နှစ်ခုနှင့်အတူ တောင်ဘက်မုခ်တွင် အငြိမ့်ပွဲတစ်ခုနှင့် မြောက်ဘက်မုခ်တွင် အငြိမ့်ပွဲတစ်ခု ကျင်းပခဲ့ရာမှ
ယခုနှစ်တွင် အနောက်ဘက်မုခ် ဇာတ်ပါဝင်ခြင်းမရှိ (ကျောင်းဆောင်ကြီးတစ်ခု ဆောက်လုပ်လိုက်သည့်အတွက် နေရာအခက်အခဲကြောင့်လည်း ဖြစ်နိုင်ပါသည်)
တောင်ဘက်မုခ် တီးဝိုင်းနှင့်အငြိမ့်ခန်း၊ မြောက်ဘက်မုခ် အငြိမ့်နှင့် အရှေ့ဘက်မုခ်ဇာတ်ပွဲတစ်ပွဲသာ ကျင်းပနိုင်ခဲ့သည်
အဓိက လုံခြုံရေးထိန်းသိမ်းမှုတွင် အခက်အခဲ ဖြစ်လာခြင်းကြောင့်ဟုဆိုသည်၊
ရန်ပွဲများ ထိန်းမနိုင်သိမ်းမရမှုများ မူးယစ်သောက်စား ရမ်းကားမှုများသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ဆိုးလာသည်ဟုလည်းဆိုသည်၊ အချို့နှစ်များတွင် လူသတ်မှု ဖြစ်သည်အထိပင် အခြေအနေ ဆိုးဝါးခဲ့သည်တဲ့၊ သည့်အတွက် ပျော်ပွဲရွှင်ပွဲကို လျှော့ချပစ်လိုက်ခြင်းလည်းဖြစ်သည်ဟု အိမ်တော်ရာ ဂေါပကအဖွဲ့မှာ ဥက္ကဌဖြစ်သူက ပြောပါသည်။
အရက်နှင့် အခြားမူးယစ်ဆေးများကို လူငယ်အများအပြား သုံးစွဲနေကြသည့် အတွက် ဆေးကြောင်ကြောင်ခြင်း၊ အရက်မူးလွန်ရမ်းကားခြင်းကြောင့် ပွဲတော်အတွင်း ရုံးရင်းဆန်ခတ်မှုများကို ထိန်းသိမ်းရသည်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုလာသည်ကိုလည်း တွေ့လာရကြောင်း ထပ်မံ သုံးသပ်ပြပါသည်။
ပွဲငှားရမ်းခများသည်လည်း ခေတ်အခြေအနေနှင့်အညီ အဆမတန်များပြား လာသည်ကိုလည်း တွေ့ရသည်။ သို့သော် မန္တလေးမြို့ ကနဦး ပွဲခွင် ကပြရသည့်အတွက်ကြောင့်လည်း အချို့ ဇာတ်သဘင်နှင့် အငြိမ့်ပွဲများသည် ငှားရမ်းခကို ဘုရားအား ပြန်လည်လှူဒါန်းသည့်သဘော အနေဖြင့် လျှော့ပေါ့ ၍ လိုက်လံ ကပြဖျော်ဖြေပေးကြတာကိုလည်း သိရ ကြားရသည်။
အကြောင်းအကြောင်း များကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပျော်ပွဲရွှင်ပွဲ များသည် တစ်ဖြည်းဖြည်း ပြောင်းလဲ လာသည်ကို တွေ့လာရသည်။
နောက်ဆုံး---မိမိတို့ ရတနာမဉ္ဇူမြတ်စွာဘုရားပွဲတော်သည်လည်း အခြားပွဲတော်များနည်းတူ ပြောင်းလဲလာသည်ကို တွေ့မြင်ရသည်။
ရပ်ကွက်ပေါင်းများစွာဖွဲ့စည်းထားသော စုပေါင်း မြသပိတ်ဘုရားပွဲတော်ကြီး ကို လဆန်း(၁၃)(၁၄)(၁၅)ရက်တွင် အထက်မှာ ဆိုခဲ့သည့်အတိုင်း ကျင်းပပါ သည်။ မိမိတို့ ဇရပ်ရှေ့တွင် လှူဖွယ်ဝတ္ထုအစုစုအပြင် ပဒေသာပင်များကို လဆန်း(၁၄)ရက်နေ့ညတွင် စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသထားပြီး ၁၅ ရက်နေ့ နံနက်တွင် မဲကျရာ ကျောင်းတိုက်သို့ လှူဒါန်းပါသည်။
(၁၄)ရက်နေ့ညက၊ မိမိတို့ ရပ်ကွက်မှ လှူဒါန်းဘွယ် ပဒေသာပင်များ ကြည့် ရှု့ရန်သွားရောက်သောအခါ လှူရန်ပစ္စည်းများအားလုံး ဇရပ်ထဲသွင်း အပြင် မှ သော့ခတ်လျက်သား တွေ့ရပါတော့သည်။
အော်--ငါကိုယ်က နောက်ကျလေခြင်းလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိခဲ့ ပါသည်။ သို့သော်--ဟိုးယခင်နှစ်များကဆို----ယခုလို လဆန်း(၁၄)ရက်နေ့ ညသည် အလွန်အင်မတန် ပျော်ရွှင်စရာကောင်းသော ညလေးတစ်ည ဖြစ်ခဲ့ ပါသည်။ လေးဘက်လေးတန် ပွဲတကာ လျှောက်သွား လျှောက်ကြည့်--ဆာတဲ့အခါ ဇရပ်ပြန်လာ။ အမေကြီးများ အစ်မများ အဒေါ်များ ယူလာ သယ်လာသော မုန့်များ လက်ဖက်များစားလိုက်၊ လက်ဖက်ရည်သောက် လိုက်၊ ပြီးရင် ဘုရား တစ်ပတ်ပြန်ပတ်လိုက် ပြန်လာလိုက် ကစားလိုက် ငယ်ဘဝသည် အလွန်ပျော်စရာကောင်းလှ၏။ ယခု လူငယ် လူရွယ်များ ထိုကဲ့သို့ ခံစားမှုနှင့် အရသာကို ခံစား စံစားဘူးကြမည်မထင်၊ သိလည်း သိကြတော့မည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော---အမေကြီး အဒေါ်ကြီးများ အစ်မကြီးများသည် ဟိုးတုန်းကလို ဇရပ်မှာ ညအိပ် လာရောက်ကြခြင်းမျိုးလည်း မရှိကြတော့ဘူး ကိုး၊
ဘုရားမဲ ဖတ်တာနှင့် ပါတ်သက်ပြီး----
မဲကျရာ ကျောင်းတိုက်နှင့် ဘုရားမဲကျသည့်အရပ်ဟူ၍ ရှိပါသည်။
ဥပမာ-
ရပ်ကွက်ပေါင်းက (၂၀) ၊ ဘုန်းကြီးကျောင်းတိုက်ပေါင်းက (၂၄)ကျောင်းရှိ သည်၊ သက်တော် ဝါတော် အကြီးဆုံး ဆရာတော် ရှိသည့် ကျောင်းတိုက် ကို မြတ်စွာဘုရားမဲ ကိုယ်စားပြု အဖြစ် သဘောတူ သတ်မှတ်ထားပါသည်။
ရက်ကွက်က(၂၀) ကျောင်းတိုက်က (၂၄)ကျောင်းဖြစ်နေသည့် အတွက်ကြောင့် အချို့အရပ်မှ မဲ နှစ်မဲ ယူကြပါသည်။ ဘုန်းကြီးနှစ်ပါး ပင့်ခြင်းကို ဆိုလိုပါသည်။
မဲနှိုက်သည့် ပုံစံမှာ
၁၅ ရက်နေ့ ၈ နာရီ ဝန်းကျင်ခန့်တွင် မင်းခန်းမင်းနားများဖြင့် ဆိုင်းဝိုင်းကြီး များ အတီးအမှုတ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။
မဲနှိုက်ရာတွင် မြတ်စွာဘုရားမဲအပါအဝင် ကျောင်းတိုက်အမည်များကို ကျည်ဆံလို ဘူးလေးတွေထဲမှာ သက်သက် စီရေးပြီး ထည့်ထားသည့် ဖလားကတစ်ခု၊
ရပ်ကွက်အမည် ရေးထားသော မဲလိပ်များပါသည့် ဖလားကတစ်ခု၊
ထိုအထဲမှ ကျောင်းတိုက်မဲတစ်ခု နှင့် ရပ်ကွက်မဲတစ်ခုစီကို နှိုက်ယူရပါသည်။
နှိုက်ယူထားသော မဲလိပ်ကို မင်းညီမင်းသား နှစ်ပါးမှ ရတနာစီခြယ် ထားသော ရွှေကြုတ်ထဲသို့ ထည့်၍ မဲရွတ်ဆိုမည့် ဘုရားဂေါပက လူကြီးများထဲသို့ မင်းလမ်းမှ တစ်ဆင့် သယ်ဆောင်လာရသည်။
ထိုသို့ မဲလိပ်နှိုက်ယူခြင်း ဖွင့်ဖောက်ဖတ်ကြားခြင်း ပြုလုပ်ရာတွင်
ဆရာတော်ကြီးများနှင့်အတူ ဘုရားဂေါပကလူကြီးများ ရပ်ကွက်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အထူးဂရုတစိုက် ပြုလုပ်ဆောင်ရွက်ကြရပါသည်။
သက်ဆိုင်ရာ လူကြီးမင်းများမှာ မောင့်ကျက်သရေခေါင်းပေါင်းကြီးများ တလူလူ၊ တိုက်ပုံအိကျီ င်္ကျကျနန ဝတ်ဆင်ထားပြီး မဲများအား နှိုက်ယူခြင်း ဖွင့်ဖောက်ကြေညာခြင်း အမှုတို့ကို ပြုလုပ်ဆောင်ရွက်နေကြသည်ကို မြင်ရ ကြည့်ရသည်မှာ အလွန်အင်မတန်မှ ကျက်သရေ ရှိလှပေသည်
မဲလိပ်နှိုက်ယူသည့်အခါနှင့် ဖွင့်ဖောက်ဖတ်ကြားသည့်အခါ ဗီဒီယိုနှင့်တကွ အသေးစိတ် မှတ်တမ်းတင်၍ ဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးမှ နားထောင်---ဟု အသံရှည်ဆွဲ၍ ရပ်ကွက် ကို သတိပေးလိုက်သည့်အခါ ရပ်ကွက်ပေါင်းစုံမှ အိုးစည်ဗုံမောင်းများ တီးခတ် ကခုန်နေရာ မှ ခေတ္တငြိမ် သက်နေကြရပါသည်၊ အသံချဲ့စက်မှ ---မည်သည့် ကျောင်းတိုက် ဆရာတော်----------ရွတ်ဆိုပြီး ခဏ---မည်သည့်ရပ်ကွက်မှ ပင့်--ဟု အော် လိုက်သည်နှင့် ဘုရားပရဝုဏ်အတွင်းမှ ရှိကြကုန်သော ရပ်ကွက်ပေါင်းစုံ လူငယ်လူရွယ်များသည် ဟေး ဟေး ဆို အော်ဟစ်ကာ အိုးစည်ဗုံမောင်း များတီးခတ်ကာ မြူးတူး ကခုန်ကြပါတော့သည်။
အကယ်၍ မြတ်စွာဘုရားမဲ ဖြစ်နေပါက----
မြတ်စွာဘုရားမဲ ကြွလာပါပြီ ဆိုပြီး ရပ်ကွက်အမည်ထည့်ထားသော မဲလိပ်ကို ဖွင့်ဖောက်ဖတ်ခြင်း မပြုတော့ပဲ သီးသန့် နေရာတွင် ဖယ်ထားလိုက်ပြီး ကျန်ရှိနေသေးသော ကျောင်းတိုက်နှင့် ရပ်ကွက်များကို ဖွင့်ဖောက် ကြေညာ ပေးရပါသည်။
ကျောင်းတိုက်အမည်နှင့်တွဲလျက်ကျသော ရပ်ကွက်များသည် မိမိတို့ ကျသော ကျောင်းတိုက်မှ ဘုန်းကြီးကို ပင့်၍ ၁၄ ရက်နေ့ညမှာ ခင်း ကျင်းပြသထားသော လှူဘွယ်ဝတ္ထုအစုစုတို့ကို ရေစက်သွန်းချ လှူဒါန်းကြပါ သည်။ မိမိရပ်ကွက်သည် မည်သည့်ကျောင်းတိုက်ကိုဖြင့် လှူဒါန်းချင်ပါသည် ဟူ၍ မရ၊ တွဲလျက်ကျသော ကျောင်းတိုက်ကိုသာ ပင်၍ လှူဒါန်းကြရပါသည်။ တစ်မဲယူသော ရပ်ကွက်သည် ဘုန်းကြီးတစ်ပါးပင်၍ နှစ်မဲယူသော ရပ်ကွက်သည် ဘုန်းကြီး နှစ်ပါးပင့်၍ လှူဒါန်းရပါသည်။
မြတ်စွာဘုရားမဲကျသည်ဆိုခြင်းမှာ--
ကျောင်းတိုက်နှင့် ရပ်ကွက် အတူယှဉ်တွဲ ကြေညာပြီး နောက်ဆုံး ရပ်ကွက်နှစ်ခုနှင့် ကျောင်းတိုက် နှစ်တိုက်သာ ကျန်သည့်အခါမှ သာ မြတ်စွာဘုရားမဲ ဖတ်ပါတော့မယ်ဆိုပြီး ကြေညာပါသည်။ ထိုအချိန်သည် ကျန်ရှိနေသော ရပ်ကွက်နှစ်ခု၏ ရင်အခုန်ရဆုံးအချိန်၊ စိတ်အလှုပ်ရှားအချိန် ဖြစ်ကြပါသည်။
မြတ်စွာဘုရား၏ ဂုဏ်တော်များ တန်ခိုးတော်များ ဘုန်းတော်ဘွဲ့များကို ရွတ်ဆိုရင်း---
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်-----------
မည်သည့် အရပ်မှ ပင့်--------ဆိုလိုက်သည်နှင့် ထို ကြေညာခံရသော ရပ်ကွက်သည် အမှန်တကယ် မြတ်စွာဘုရားမဲကျသော မြသပိတ်တော် ရသော ကံအကောင်းဆုံး ရပ်ကွက် ဖြစ်၍ သွားပါသည်။
မြတ်စွာဘုရားသခင်မှ မဟာဒုတ်လုလင်သတို့သားအား မြသပိတ်တော် အပ်လိုက်ဘိသကဲ့သို့ မဲကျသော ရပ်ကွက်မှ ရပ်ကွက်သူ ရပ်ကွက်သားများ သည် ဝမ်းသာအားရ ပျော်မြူးအော်ဟစ် ကခုန်ကြလေတော့သည်။ မဲကျသော အရပ်သည် ဘုရားမဲအဖြစ် သတ်မှတ်ထားပြီးသော ကျောင်းတိုက်မှ ဆရာတော်အား ပင့်လျှောက်၍ မိမိတို့ အလှူဒါနကို ရေစက်သွန်းချ လှူဒါန်းကြပါလေသည်။
ထို မြတ်စွာဘုရားမဲကျသော ရပ်ကွက်သည် အမှန်တကယ် ကံထူးလှကြောင်း မင်းတဲအီကင်းရပ်ကွက်ဝင် ရပ်ကွက်သူ/သား အပေါင်း အားလုံးအသိပင်ဖြစ် ပါသည်။ အချို့ရပ်ကွက်များဆိုလျှင် မြသပိတ်တော်မရသည်မှာ အနှစ် ရှစ်ဆယ်ကျော်တိုင်တိုင် ရှိလှပါပြီဟုလည်း သိရပါသည်။
အချို့ရပ်ကွက်များသည် ၁၀ ကြိမ်မက အချို့လည်း ၅ ကြိမ် အချို့လည်း ၇ ကြိမ် အသီးသီး ရှိကြပါသည်။
အနှစ်(၅၀၀)ကျော်ကြာ တည်ထားကိုးကွယ်တော်မူသော
မဟာသီဟသူရမင်းတရားကြီးတည်ထားတော်မူခဲ့သော
ပန်းအမျိုးပေါင်းစုံဖြင့်ထုဆစ်ထားသော ရတနာမဉ္ဇူ ဘုရားကြီး၏ ပွဲတော်ကျင်းပရေး ပုံစံ၊ ဖျော်ဖြေရေးပုံစံများသည် အခြား နာမည်ကြီး ဘုရားပွဲတော်ကြီးများကဲ့သို့ပင်---
ပြောင်းလဲချိန်တန်လို့---ပြောင်းလဲလာတာလားလို့---မေးခွန်းထုတ်စရာ မလိုပါဘူး၊
လူငယ်များ မူးယစ်သောက်စား ရမ်းကားခြင်း၊ ဆူပူခြင်းနှင့် ဆေးဝါး သုံးစွဲခြင်းများကို ပွဲတော်ရက်ကလေးအတွင်းမှာ တတ်နိုင်သမျှရှောင် ကျဉ်ခြင်း၊၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း ချစ်ခင် ရင်းနှီး ကူညီ ရိုင်းပင်းကြခြင်းစတဲ့ စိတ်ဓာတ်အရင်းခံကလေး ထားရှိကြမည်ဆိုပါက ဟိုးယခင်ကတည်းက တည်တံ့ရှည်ကြာ ခိုင်မြဲခဲ့သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးကဏ္ဍများသည် ဘယ်မှာလာပြီး ဆိပ်သုဉ်းခြင်း တိမ်မြုပ်ခြင်း ကောပခြင်း ရှိမှာတဲ့လဲ။
တို့တစ်တွေရဲ့ ယဉ်ကျေးမှုလေး ရေရှည်တည်တံ့စေချင်ရင်
ဆိတ်သုဉ်း ပျောက်ကွယ်မသွားစေချင်ရင်
အများတကာ ဝမ်းသာကြည်နှုးပျော်ရွှင်ရမယ့် အပျော်လေးတွေ မိမိပယောဂကြောင့် ပျက်စီးသွားတာမျိုး မဖြစ်စေချင်ရင် မရောက်စေချင်ဘူး ဆိုရင် တို့ယဉ်ကျေးမှု ရာသီပွဲတော်လေးတွေနဲ့အတူ တွဲဆက်ဖြစ်ပေါ် လာတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေကို ငြိမ်းငြိမ်းချမ်းချမ်း သာသာ ယာယာ ဖြစ်စေ ချင်တယ်ဆိုရင် တို့ လူငယ်တွေအနေနဲ့---မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားခြင်းကို ပွဲတော်ရက်ကလေးမှာတော့ တတ်နိုင်သလောက် ရှောင်ကျဉ်ကြရအောင်လား
ရှောင်ကျဉ်နိုင်ခြင်း မလုပ်နိုင်ရင်တောင်မှ မြန်မာ့ပွဲတော်ရက်ကလေးမှာ နည်းနိုင်သမျှနည်းအောင်၊ မူးယစ်ရမ်းကားခြင်း မလုပ်မိအောင် စိတ်ကို ထိန်းကြရအောင်လား ၊ တစ်ယောက်ကအစ အများဆိုသလို တစ်ယောက်ခြင်းဆီမှ အသိကိုယ်စီ ထိန်းသွားကြမယ်ဆိုရင်
ရာသီအလိုက် ပျော်ပွဲရွှင်ပွဲ ပေါများတဲ့ တို့မြန်မာ့ပွဲတော်လေးတွေရဲ့နေ့များ ညများဟာ ရုပ်ဆိုးအကျည်းတန်တဲ့ ပြောင်းလဲခြင်းမျိုး မဟုတ်တော့ဘဲ တကယ့်ကို ချစ်စဖွယ်ကောင်းတဲ့ နှစ်လိုဖွယ် ပြောင်းလဲခြင်းမျိုးပဲ ဖြစ် လာတော့မှာပေါ့ ညီငယ်တို့---ရယ်
တို့ခေတ်ရောက်မှ ပျောက်ကြရတော့မှာလား---လေ-----

No comments:

Post a Comment