Jan 24, 2016

[ လျော်ကြေးပေးပါ အမေ ]

[ လျော်ကြေးပေးပါ အမေ ]
အမေ
ဘာဖြစ်လို့ ကျနော့်ကို အကျင့်ပျက်အောင်
ဖျက်ဆီးပစ်ခဲ့တာလဲ
ဆောင်းတွင်းမှာ
ဘာဖြစ်လို့ ခေါပုပ်လေးတွေ ကြော်ပြီး ကျွေးခဲ့တာလဲ
ထန်းပင်မြစ်ကလေးတွေ ဘာလို့ ဖုတ်ကျွေးခဲ့တာလဲ
ပဲမြစ်လေးတွေ ပြုတ်ပြီး ငရုတ်ကျည်ပွေ့နဲ့ထု
ဆီလေးတွေဆိမ်ပြီး ဘာလို့များ ကျွေးခဲ့ရတာလဲ
ဒန်အိုးအပြားပေါ်မှာ ဒလိမ့်တုံးလေးနဲ့ လှိမ့်လှိမ့်ပြီး
ချပါတီလေးတွေကို အိုးကင်းပူတိုက်ပြီး
ကုလားပဲချက်လေးတွေနဲ့ တွဲဖက်ပြီး
ဘာလို့ ခဏခဏ လုပ်ကျွေးခဲ့ရတာလဲ
ဘဲဥနဲ့
ဂေါ်ရခါးသီးပါးပါးလေးလှီးထားတဲ့
အဖပ်လေးတွကို ကြော် လို့ ကြော်
ဆူးပုပ်ရွက်ကို ကြော်လို့ကြော် နဲ့
ဘာလို့များ စားလို့ကောင်းအောင် လုပ်တတ်ခဲ့ရတာလဲ
ချဉ်ရည်ဟင်း ငရုပ်သီးထောင်းနဲ့
ငါးအိုးကပ်ချက်ကို
ခေါင်းမဖော်တမ်း စားနိုင်အောင်
ဘာလို့ လုပ်ခဲ့ရတာလဲ
ချဉ်ပေါင် ငပိချက်ရယ်
ကြက်သွန်နီပါးပါးလှီး သမအောင် ရောမွှေထားတဲ့ ပဲကြားလှော်ဆီဆမ်းနဲ့
ထမင်းပွဲကို စားလို့ကောင်းအောင် ဘာဖြစ်လို့ ဖန်တီးခဲ့ရတာလဲ
ခရမ်း အချဉ်သီးနဲ့ ငါးခြောက်အတုံးလေးတွေကို
ဘာဖြစ်လို့ ပပ်ပပ်နှပ်နှပ်ဖြစ်အောင်ချက်ပြီး ကျွေးခဲ့ရတာလဲ
မနက်အိပ်ရာက ထတဲ့အခါ
ထမင်းကြမ်းလေးတွေကို ဆနွင်းမှုန့်ဆီသတ်ပြီး
စတော်ပဲလေးနဲ့ ကြော်ထားတဲ့
အဝါရောင်ပဲထမင်းကြော် ပူပူလေးကို
ဘာဖြစ်လို့ မနက်တိုင်း ကျွေးခဲ့ရတာလဲ
ခပ်ပျော့ပျော့ ပဲပုပ်တွေကို
ငရုပ်သီးစိမ်းတောင့်အလယ်ထက်ဝက်ခြမ်းနဲ့ရောလို့ချက်
အရည်သောက် ပဲကုလားဟင်းကို တွဲစပ်ပြီး
ဘာလို့များ ကျွေးခဲ့ရတာလဲ
အို--------
အများကြီးပါပဲလေ
ထမင်းဖြူ ပူပူလေးကို နွားနို့ပူပူထဲကို စိမ်ပြီး
ဇွန်းနဲ့ ခပ်သောက်ခဲ့ရတာတွေကိုလည်း
ပြောမပြချင်တော့ပါဘူး
အဲ သ လို
ထမင်းကောင်းကောင်း စားတတ်အောင်
ကျင့်ပေးခဲ့တဲ့ အမေ
အခု
ကျနော့် အကျင့်တွေ ပျက်စီးကုန်ပြီ အမေ
တစ်ကယ်ဆိုရင်
နောင်ကို
ငါ့သားလေး
ထမင်းကောင်းကောင်း စားတတ်မှာမှ မဟုတ်ဘဲ
ငါ --- ထမင်း သိပ်မစားနိုင်အောင် ချက်ကျွေးခဲ့ရမှာလို့
ဘာဖြစ်လို့များ မတွေးခဲ့ရတာလဲ အမေ
ဒါ့ ကြောင့်
လျော်ကြေးအနေနဲ့
တနင်္ဂနွေနေ့တိုင်း အမေ့ဆီ လာတောင်းနေရတာပေါ့----------
နောင် နှစ် ပေါင်း
တစ်ရာ နှစ်ရာ
တစ်ထောင် နှစ်ထောင်
လျော်ကြေးတွေ
ဆက်တောင်း နေဦး မယ် အမေ
အကြွေး မကျေမခြင်း
အမေ ဘယ်ကိုမှ ထွက်မပြေးရ------။

No comments:

Post a Comment