Jan 24, 2016

[ မှတ်မှတ်ရရ-------များ----]

[ မှတ်မှတ်ရရ-------များ----]
ကျနော်ကိုယ်တိုင် တစ်ကျပ်သား ရွှေဆွဲကြိုးကုံး တစ်ကုံး လုပ်ခဲ့စဉ်ကပေါ့
ပြောခဲ့ပါတယ်----------ပြသနာ ဆွဲကြိုးလို့----------
တစ်ကျပ်သား ဆွဲကြိုးတစ်ကုံး လုပ်တော့မယ်ဆိုရင်
ရွှေ တစ်ကျပ်သားထက်ပိုသော အလေးချိန်
ဥပမာ တစ်ကျပ်တစ်ပဲ၊ တစ်ကျပ်တစ်မူး အပိုစောင်းပြီး
ရွှေကို အချောင်း လောင်းရပါတယ်၊
အဲသလို အပိုစောင်းထည့်ပြီးလုပ်မှ
တံဇဉ်းစား ဆောက်ဖြတ် ကြိုးကိုင်းပွတ်နဲ့ အပိုရွှေသားကို
ဖယ်ထုတ်လိုက်မှ အချောထည်အဆင့်ရောက်တဲ့အခါ
ရှိစေချင်တဲ့ တစ်ကျပ် သားရွှေဆွဲကြိုးကုံး ကျန်မှာ ဖြစ်ပါတယ်
(အလျော့တွက် တွက်ယူတယ်ဆိုတာ သည်လို အပိုတွေ
ထည့်လုပ်ရသည့်အတွက်ကြောင့် ယူရခြင်းဖြစ်ပါတယ်)
အချောင်းလောင်းတယ်ဆိုတာ
လုံနဲ့ ရွှေကို ဖားဖိုမှာ အရည်ကျိုမယ်၊ အရည်ဖြစ်လာပြီဆိုရင်
လုံကို ညှပ်ကောက်နဲ့ ကိုင်ပြီး နန်းပြင်မှာ လောင်းထည့်လိုက်ပါတယ်
နန်းပြင်ဆိုတာ အရည်ကို အချောင်းလေးဖြစ်သွားအောင် လုပ်ပေးတာပါပဲ
အမြောင်းလေး လေးမြောင်း ငါးမြောင်းလောက် ရှိတဲ့ လိုင်းဖော်ထားတဲ့
လက်မဝက်လောက် ထူတဲ့ သံပြားပြင်တစ်ခုပါပဲ၊
လုံကို စောင်းပြီး လောင်းမယ့်အချိန်မှာ ကိုယ်လောင်းမယ့်
အလေးချိန် အတိုင်းအဆနဲ့ ချိန်ပြီး နန်းပြင်ရဲ့ လိုင်းမြောင်းတစ်ခုထဲကို
သွန်ချလိုက်ရတာပါ၊ လိုင်းမြောင်းလေးထဲကို အရင် ရေနံဆီ
အနည်းငယ်ကိုလည်း လောင်းထည့်ထားရပါတယ်၊
ဒါမှ သံနဲ့ ရွှေနဲ့ ကပ်မသွားမှာပါ၊
ရွှေချောင်း လောင်းပြနေတာနဲ့ လိုရင်းကို မရောက်တော့ဘူးနော်
သည်းခံပါ ဒကာ
မရှည် ရှည်အောင် ဆွဲဆန့်နေတာလည်း မဟုတ်ပါ
ဆွဲကြိုးတစ်ကုံး မွေးဖွားခြင်းသည် သည်က စတာပါပဲ၊
ရွှေနန်းချောင်းအတိုလေး ဖြစ်သွားပြီဆိုရင် ပေပေါ်မှာ တင်ပြီး
တူနဲ့ လေးထောင့် ပုံစံလေးကျအောင် ထုရပါတယ်၊
မီးပေးလိုက် ထုလိုက်လုပ်ပြီးသွားရင်တော့ ကြိတ်ခုံကို ပြေးရပါတယ်။
ကြိတ်ခုံဆိုတာ အဲဒီနန်းချောင်းလေးကို ကြေးနန်းကြိုးခွေလိုဖြစ်အောင်
ထိုးပေးတဲ့ ခုံကို ခေါ်တာပါ၊
အဲဒီခေတ်ကတော့ ထိုးခ ငါးကျပ်လောက် ပေးရပါတယ်
ကြိတ်ခုံက ကြံရည်ကြိတ်တဲ့ ခုံမှာရှိတဲ့ အလုံးပုံစံမျိုးပါဘဲ၊
လိုင်းထွင်းထားတဲ့ လိုင်းကြားလေးထဲကို ရွှေနန်းချောင်းလေး ထိုးသွင်းပြီး
ရှည်ထွက်လာအောင် ပြုလုပ်ပေးရတာပါ၊
ဂိတ်ကုန်လို့ ပြောလိုက်ရင် ခုံရှင်က နန်းချောင်းအရွယ်အစားကိုကြည့်ပြီး
အပေါက်ကျယ်ကနေ တစ်ဖြည်းဖြည်း နောက်ဆုံး ဂိတ်ဆုံး
အပေါက်အကျဉ်းအထိ ထိုးပေးပါတယ်။
အပေါက်တစ်ပေါက် ထိုးပြီးတိုင်း ပြန်ပေးပါတယ်၊ မီးဖုတ်ပေးရတာပါ၊
အဲသလို မီးမဖုတ်ပဲ တောက်လျှောက် ထိုးသွားရင်
ရွှေက ကွဲထွက်သွားတတ်သည့်အတွက် မီးခဏ ခဏ ဖုတ် ဖုတ် ပေးရတာပါ
ပြောချင်တာက အခုမှ
အဲသလိုမျိုး ကြိတ်ထိုးသွားရပြီဆို အရမ်းပျော်ပါသည်
ပျော်ပြီပေါ့ အဲသည်နေ့ ငွေက ရွှင်တော့မယ်လေ
သည်လိုပါ---ဂိတ်ကုန်ကာနီး တစ်ပေါက်အလိုလောက်မှာ ကပ်ကြေးနဲ့
နန်းကြိုးရဲ့ အစတစ်ဖက်ကို မှန်းပြီး တစ်ရွေးလောက် ကပ်ကြေးနဲ့
ထောက်ဆို ကိုက်ဖြတ်လိုက်တော့တာပါပဲ
သိပါတယ်နော်
ငတို ဒါမှမဟုတ် ငတွမ် လုပ်တာလေ ဟီး
ကိုက်ဖြတ်ပြီးတာနဲ့ ဖြတ်ရာ ထင်နေတဲ့ ထိပ်စကို ဘရိုးလင်းနဲ့ မီးတိုက်ပြီး
လုံးပစ် အုပစ်လိုက်ပါတယ်၊
ပြီးတော့မှ ကျန်တဲ့ တစ်ပေါက် ဂိတ်ကုန် ထိုးလိုက်တဲ့အခါ ဖြတ်ရာမထင်ဘဲ
ပြီးမြောက်သွားပါတော့တယ်၊
နန်းခွေလေး ခွေ၊ ဘူးထဲထည့်၊ တစ်ရွေးသားလောက် မှန်းဖြတ်ထားတဲ့
ရွှေအတိုလေးကို ငတိုက စက္ကူလေးနဲ့ထုပ်
( ငတိုဆိုတာ ကိုယ်တိုင်ပဲလေ )
ထုပ်ပြီး ရောင်းနေကျ အဝယ်ဆီပြေးရောင်းလိုက်မယ်ဆိုရင် ၇၅ ကျပ်လောက်
တော့ ကျိန်းသေ ရလာဦးတော့မှာပေါ့ ဟုတ်ဘူးလား၊
သုံးပါလေ့၊ ဖြုန်းပါလေ၊
အဲဒီခေတ်က အောက်တန်းစာရေးလစာက ၇၅၀ ပဲ ရှိသေးတာလေ၊
ဒါ့ကြောင့်-----ကြိတ်ထိုးသွားဟေ့ဆိုရင်
ဖိုးတွမ်တီးတို့ကတော့ ပျော်ချက်---ဒါပေမယ့်
အိမ်ရောက်တော့---ထုံးစံအတိုင်း အဖေက ချိန်ခွင်လေးပေါ်တင်
ချိန်ကြည့်---အဲဒီမှာ
ငါလခွီးထဲမှပဲ--------မင်းဥစ္စာ ဒီတစ်ခါလုပ်တာ များတာကွာ
တဲ့
ဟုတ်လည်း ဟုတ်ပါသည်
အဲသည်တစ်ခါ လက်စ နည်းနည်း များသွားခဲ့ပါသည်
တစ်ရွေးက နှစ်ရွေးသားလောက် ဖြစ်သွားသမို့
အဖေဆဲလည်း ဆဲမှာပါပဲ
သို့သော် ငွေတစ်ရာ့ငါးဆယ်ကြီးများတောင်
လက်ထဲမှာ ပိုက်ထားရတဲ့နောက်တော့ ဆဲလည်း တန်ပါတယ်လေ
တကယ်တော့ အဖေက
ကျနော် လုပ်နေမှန်း သိခဲ့ပါသည်။ သားသမီးဆိုတော့
မပြောဘဲ ထားခဲ့တာပါ၊ နည်းနည်း များသွားတော့မှ
မင်း ဒီတစ်ခါလုပ်တာ များတာကွာ--ဆို ဆဲပါသည်
အကြောက်ဆုံးကတော့
အေး အဲသလို သူခိုးကျင့် သူခိုးကြံ ကြံနေလို့ကတော့ နောက်ကို မင်း
မခိုင်းတော့ဘူး ငါကိုယ်တိုင်ပဲသွားတော့မယ်တဲ့
နို့မို့ မင်းကြီးရင် သူခိုးဖြစ်မယ်------------တဲ့
နောက်ကို အဲလို မလုပ်ပါနဲ့------သုံးစရာမရှိရင် တောင်းပါ----တဲ့
သူခိုး ငတို ဖြစ်မှာထက် ကြိတ်ခုံကို မသွားရတော့တာ
ဘဝမှာ အနာဆုံးပါပဲ တောက်---
(ဖားသားကြီးသို့ အမှတ်တရ--------------)

No comments:

Post a Comment