ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့အတိုင်း
အဲဒီလ အဲဒီရာသီရောက်ပြီဆိုရင် ဧရာဝတီ မြစ်ရေဟာ တာပေါင်ရိုးအခြေအထိ
ရောက်အောင် တရိပ်ရိပ် တက်လာပါပြီ
မိုးသားတိမ်မည်းများဟာ မြောက်ပြန်လေနှင့်အတူ
အထက်အညာသို့ ခရီးနှင်ကြပါပြီ၊ မြောက်အရပ်ဆီမှာ ညှို့မှိုင်း အုံ့စိုင်း-----လို့
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေဟာ တိုးသထက် တိုးလို့ပေါ့၊
ရေကြီးခြင်းဟာ နှစ်စဉ် ပုံမှန်ပါပဲ၊ မြစ်ရေပြင် ဘယ်လောက်ကျယ်ကျယ်
မည်မျှပဲ ရေစီးသန်လို့ ရေကြီးပါစေ မြစ်ရေဟာခြေတံရှည် ရွာတန်းအိမ်များ၏
ကြမ်းပြင်ကို ထိလု ထိခင်ပြုလုပ်ပြီးသည့်အခါ
သို့တည်းမဟုတ်
မြစ်ရေသည် တာပေါင်ရိုးခြေ(အဟောင်း)ကို တို့ကနမ်း ဆိတ်ကနမ်း
ပြုလုပ်ပြီးသည့်အခါ
သို့တည်းမဟုတ်
တစ်ခါတစ်လေ တစ်ပေါင်းရိုး နှုတ်ခမ်းကို မေးတင်ပြီး တဲ့ နောက်တော့
သူ့အလိုလို ပြန်လည် လျော့ဆင်း သွားတတ်တာ
ပုံစံခွက်ထဲက ခေါက်ရိုးကြေနေတဲ့ ဖြစ်ရိုး ဖြစ်စဉ် အစဉ်အလာ တစ်ခုပါပဲ
မိုးရွာသွန်းမှုနှင့် ဖြစ်တည်မှု ရေထုပမာဏကတော့ ထုံးစံအတိုင်း ဆိုပေမယ့်
သောင်ကမ်းပြိုခြင်းနှင့် အနည်အနှစ်များသည် အောက်ကြမ်းပြင်တွင်
တစ်နှစ်ထက် တစ်နှစ် ထုထည်ပိုမိုကြီးမားမြင့်တက်လာခြင်းတို့ကြောင့်
ရေထုဟာ နဂိုရှိရင်းဆွဲထက် မြင့်တက်လာသည့် သဘောအနေနဲ့လည်း
ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်၊
နောက် တစ် ခု က
ရေလွှာထု မြစ်ပြင်ကို တာပေါင်ရိုး အသစ်ကြီးဖြင့် ကန့်လန့်ခံပြီး
မြို့ပတ်လမ်း ဖောက်လုပ်လိုက်တော့
အဲသည်မှာ ရေထုဟာ အနည်းငယ် နောက်သို့
တွန်းလွှတ်ခံလိုက်ရသည့်အတွက် ပုံမှန် မြင့်တက်မှု အတိုင်းအတာထက်
သာလွန်သွားသည့်သဘောလည်းဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။
ထင်မြင် ယူဆချက်တစ်ခုဟာ လွဲမှားကောင်း လွဲမှားနိုင်ပါတယ်လေ
လက်တွေ့ ဆန်တယ်လို့ပဲ ပြောရမလား
အဲ ဒီ တာပေါင်ရိုးကြီး ပြီးတော့ --------ရေထုဟာ တာရိုးအသစ် နှုတ်ခမ်းကို
ထိရုံ မေးတင်ရုံ သာမက ကျော်လွန်ပြီး၊
တစ်ရက်မှာ
တံတားဦးကျောင်းတိုက် အနောက်ဘက် နားကနေ
စတင် ကျိုးပြတ်သွားပါတော့တယ်၊ ရေတွေဟာ အတားအဆီးမဲ့ ဒလကြမ်း
တိုးဝင်လာလိုက်တာများ ကြောက်ခမန်းလိလိပါပဲ၊
မျက်စိအောက်မှာတင် ရေတွေဟာ တာရိုး အသစ်နဲ့ အဟောင်း၂ခု ကြားမှာ
လှိမ့်ဝင်လာပြီး အမှိုက်သရိုက်များနှင့် ရှိသမျှ အရာအားလုံးကို
တွန်းထိုး မွှေနှောက်ပြီး ဒရင်းတိုက် ဆွဲခေါ်သွားပါတော့တယ်၊
အဲဒီမှာ ရှိနေတဲ့ တွင်းအောင်းသတ္တဝါ အားလုံး၏ ဘဝဟာ ကမ္ဘာပျက်သွားတဲ့
အဖြစ်ပါပဲ။ ရှိသမျှ အင်းစက်ပိုးမွှားများနှင့် ပိုးကောင်များဟာ သွေးရူးသွေးတန်း
ပြေးလွှားရင်း ရေနစ်ကုန်ကြပါတော့တယ်၊ အချို့လည်း ရေလွှတ်ရာ ၊
အချို့လည်း သစ်ပင်ပေါ်၊ သစ်ပင်ပေါ်ဆို ကိစ္စမရှိ၊ ရေလွှတ်ရာကို ဦးတည်မဲ့
ပြေးလွှားနေကြတဲ့အတွက် အရှေ့ဘက် လူနေအိမ်ခြေဘက်တွေဆီ
ပြေးဆင်လာကြတော့တာကိုး-------
တိရစ္ဆာန်တွေတင် သွေးပျက်ခြောက်ခြားနေတာလား-----
မြစ်ရေ၏ စိုးရိမ်ရေအမှတ်ဟာ အတိုင်းအဆမဲ့ ကျော်လွန်နေပြီဆိုတဲ့ သတင်းဟာ
စိတ်ခြောက်ခြားဘွယ်ကောင်းလောက်အောင် တဟုန်ထိုး ပျံ့နှံသွားပါတော့တယ်
မြစ်ရေကို လာကြည့်ကြတဲ့---သူတွေဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး၊
တာရိုး ပေါ်မှာ လူထု ပရိသတ်တွေနဲ့ ပြည့်နေတာပါပဲ၊
မြစ်ရေ သတင်း စနည်းနာရင်း အရိပ်အခြေကြည့်ရင်းနဲ့ ကျီးလန့် အစာစားနဲ့
နေခဲ့ရတဲ့အဖြစ် သတိကို မပြတ်အောင် ထိန်းရင်း စားသတိ သွားသတိ
အိပ်တဲ့အခါမှာ ပို၍ သတိကြီးကြီးထားပြီး ကြက်အိပ် ကြက်နိုး
နေခဲ့ကြရတာမဟုတ်လား
အဲသလို
ဂယောင်ခြောက်ခြားနဲ့ သွေးပျက်သွားကြတဲ့ လူတွေဟာ
မြစ်နားနီးတဲ့ ကျနော်တို့လို လူတွေထက် မြို့ထဲက လူတွေက ပိုပြီး ထိတ်လန့်မှုက
ပိုကြတယ်ထင်ပါတယ်
စားနပ်ရိက္ခာအတွက် စုဆောင်းသူ ရေကြီးချိန်မှာ နေရာဒေသ
ခေတ္တ ရွှေ့ပြောင်းသွားသူတွေတောင် ရှိခဲ့သတဲ့လေ၊
ဟုတ်တာပေါ့ အန္တရာယ်ဆိုတာ မဖြစ်ခင် ကြိုရှောင်တာ ကောင်းတာပေါ့
ဒါဖြင့်-----သည်လောက် မြစ်ဆိပ်နဲ့ နီးနေတာ---
မင်း တို့ မဒဲ(မင်းတဲ)အီကင်းသားတွေရော မကြောက်ဘူးလားလို့
ေ မ း ပါ ၊
အမေးရှိရင် အဖြေက ရှိတယ်ပေါ့လေ၊ ဘယ်လောက်အထိများ
ကြောက်သလဲဆို၊ ကြောက်လိုက်ကြပုံများပြောပြပါဦးမယ်-----
ကျနော်လည်း ပုံမှန်အတိုင်း-----လူက ရုံးကိုသာ သွားနေရတာ
စိတ်က အရပ်ထဲ ကျန်ခဲ့တာပေါ့
ရုံးရောက်တော့လည်း အဲဒီ ရေ သတင်း အကြောင်းပါပဲ
မေးကြတာပေါ့--------
ဘယ့်နှယ်လဲ အရမ်းစိုးရိမ်ရလား
တာဘောင်ရိုးကြီးကျိုးသွားလို့ဆို-------
ရှေးတုန်းက တစ်ခါ ကျိုးဘူးတယ်တဲ့----နာရီစဉ်အထိတောင် ရောက်သတဲ့
အို--------ကြောက်စရာကြီးပါလား
ဘုရား ဘုရား--------မတွေးရဲစရာပါလားနော်
ဒုက္ခပဲနော်----------အဲလိုသာဆို ဘယ့်နှယ်လုပ်မလဲ
တစ်ယောက် တစ်မျိုး မရိုးရအောင် စိုးရိမ် ထိတ်လန့်မှုတွေ ရောပြွမ်းလို့
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ--------ရုံးမှာ အထက်လူကြီး တစ်ယောက်ကလည်း
ရောက်နေ၊ သူလည်း လေ့လာချင်တယ် ကြည့်ချင်တယ်ဆိုတာနဲ့
ရုံးက အစ်မကြီး တစ်ယောက်ရယ်-------
ကျနော်နေတဲ့ မဒဲအီကင်းဘက်ကို ရုံးကားလေးနဲ့ လာခဲ့ကြသပေါ့
၁၉လမ်းကနေ ကျနော်တို့ မြောက်ဘက် (၈၉)လမ်းဘက်ကို ချိုးကွေ့လိုက်တာနဲ့
လူတွေ လူတွေ--------
အစ်မကြီးက ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျနော့်ကို မေးပါတယ်
သည်ကလူတွေ မကြောက်ကြဘူးလား
ဘာ လို့ လဲ
ဟိုမယ်လေ------ဘိလစ်တောက်နေကြတယ်
အင်း
ဟော----ဟိုမှာလည်း-----ကြွေတောင် ပစ်နေလိုက်ကြသေးတယ်
အင်း
အေးဆေးတာဟယ်
ဒါပေါ့
မြို့ထဲကလူတွေ သည်လောက် ထိတ်လန့်နေတာ ဒီကလူတွေ ဘာမှ မဖြစ်ပါလား
ဘာဖြစ်စရာရှိလဲ
ဟိုမှာလည်း လက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်ပြီး ဗီဒီယိုကြည့်နေလိုက်ကြတာများ
ငြိမ့်လို့ပါလားတော်
ဟဲ ဟဲ
ဘာရယ်တာလဲ၊ ဒီမှာဖြင့် လာသာ လာရတယ် အထိတ်တလန့် ဖြစ်လို့
သူတို့က သွေးအေးတာ တကယ်ပဲ
သွေးက ရာဇဝင်နဲ့ ချီပြီး နီခဲ့တာကိုး မမရဲ့
ဟွန်း----ငါတို့များ အခုလို လာကြည့်လို့ အရူးလို့များ ထင်နေဦးမလား မသိဘူးနော်
မ ထင် ပါ ဘူး၊ သည်လိုပဲ လာကြည့်နေကြတာပါပဲ
မကြောက်ကြဘူးလားအေ
ဟင့်အင်း သည်ကလူတွေက မကြောက်ပါဘူး
ဘာလို့လဲ ရှင်းပြပါဦး
ဖြစ်မှ မဖြစ်တာ
ဘာလို့ မဖြစ်ရမှာလဲ၊ ကဲ---ဖွဟဲ့ ဖြစ်ပါပြီတဲ့ ဘာလုပ်ကြမလဲ
ဘာလုပ်ရမလဲ မမရယ် တာရိုးပေါ် တက်၊ ကျိုးတဲ့ နေရာနဲ့ ဝေးရာဆီ
ပြေးရုံရှိတော့တာပေါ့၊ ဟား ဟား ဟား
အံ့ပါရဲ့တော်-------ကျိုးတဲ့နေရာနဲ့ တည့်တည့်ကြီးများဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ
အဲတော့လည်း ကံပေါ့။ သေရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ
အင်း---တကယ့် အာဂ ရပ်ကွက်သူ ရပ်ကွက်သားတွေပဲ၊ ကဲ--ကိုသတ္တိကရော
အခုလို ဖြစ်နေတဲ့အချိန် ရုံးလာရတာ စိတ်ကော ဖြောင့်ရဲ့လား၊ ထင့်မနေဘူးလား
ထင့် တာ ပေါ့ မမရယ်၊ စိတ်က အရပ်ထဲမှာ ကျန်ခဲ့တာပေါ့
ဟော ပေါ်ပြီ၊ စိတ်ထဲကတော့ အိမ်ကို စိုးရိမ်နေတယ်မဟုတ်လား
အာာာာာာာ--မဟုတ်ပါဘူး၊ ဒီနေ့ Chess (စစ်တုရင်) ပွဲကြီး ပွဲကောင်းရှိလို့
စိတ်ကတော့ အရပ်ထဲ ကျန်ခဲ့တယ်လို့ ပြောတာပါ မမရယ်
မ သာ လေး နှယ် တော်---အမြင်ကပ်တာ တစ်ကယ်ပဲ----ဟုတ် ပါ့
တိန်
(မမနီနီဦး သို့ အမှတ်တရ
-မမနီနီဦးက--မဆဲတတ်ပေမယ့်----အဆဲခိုင်းလိုက်ရတာ ခွင့်လွှတ်ပါနော်----)