Feb 15, 2016
[ ရင်ထဲက----ဖလပ် ဖလပ် ]
ဝှေ့မယ့်ဆင် နောက်တစ်လှမ်းဆုတ်နေတယ် ဆင်ကြံ ကြံမလို့လား၊
ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပေမယ့် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဘို့ ကြိုးစားလည်း ဆင့်အဝှာ ခွေးမျှော်တဲ့ဘဝမဟုတ်တော့ဘူး၊ ဆင်ကို စမ်းတဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်ဘဝတွေ မဟုတ်တော့ဘူး၊ ဆင်မကြောက် ဖိနပ်ဖြစ်သွားမှာပေါ့ ဆိုစေဦးတော့၊ ဝါးလုံးခေါင်းထဲ ဆင်တိုးနေရတဲ့ဘဝထက်၊ ဆင်နင်းပြီး မြင်းအကန်ပဲ ခံလိုက်ပါတော့မယ်၊ ဆင်ဖြူ့မျက်နှာကို ဆင်မည်းတွေမကြည့်ဝံ့ဆိုတာ ဆင်ဖြူတော်မီ ကြံစုပ်ဘို့လည်း ဝန်မလေးတတ်ကြတဲ့သူတွေ မဟုတ်ဘူးလား၊ ဆင်သတ်ပြီး အရပ်ကို ဝေလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆင်ကန်းတောတိုးလုပ်ကြဦး မယ်ဆိုရင်တော့ ပင်လယ်ပြင်မှာ ဆင်အသေကောင်နား တဝဲလည်လည် လိုက်ပါရင်း မိုက်မှားတဲ့ ကျီးမိုက်တွေအဖြစ် အတောသတ်ကြဦးမှာ မဟုတ်ပါ ဘူး၊ ဆင်ကောင်လုံးကြီးတွေ့နေပါပြီဆိုမှ ဆင်ခြေရာ ရှာဖွေဘို့ ရော လိုသေးလို့လား၊ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိဆိုပေမယ့် ဝင်လိုက် ထွက်လိုက် ဖြစ်နေတဲ့ အဲဒီအစွယ်ကြီးက နှမ်းပက်ခံရတဲ့ ဆင့်ပါးစပ်ကြီးလို အားသာငမ်းငမ်း ဖြစ်နေလိုက်ပုံများ ပြည့်ပဲ ပြည့်နိုင်ခဲလှ၊ ခုတော့---ကျားနဲ့ဆင်လယ်ပြင်မှာ တွေ့ကြပြီ၊ တောဆင်ရိုင်းတစ်အုပ် ဥာဏ်ပညာချွန်းနဲ့ အုပ်ဘို့ အချိန်တန်ပြီ၊ ဆင်ဘိုးထက် ချွန်းဘိုး ဘာ့ကြောင့် ကြီးတယ်ဆိုတာ မြင်တွေ့ကြရတော့မှာပေါ့၊
ဆင်ဝှေ့ရန်ရှောင်----ဖြစ်မနေဘဲ-----ဆင်အော်လို့ အိပ်ချင်ယောင်ဆောင်နေကြတဲ့ဘဝကနေ နိုးထလိုက်ကြပါတော့၊ အဲဒါမှ---ဆင်စီးပြီး မြင်းရံတဲ့ဘဝကို---ပိုင်ဆိုင်နိုင်ယုံမက ဆင်ပြောင်ငါးစီး အားမာန်ကြီး ဘဝခရီးဟာ---သာယာ-----ပါ လိမ့်မည်ဆိုတဲ့အကြောင်း---
အလွတ်---ဗြောင်းဆန်အောင် ပြောရရင်
ဟေ့--ဒီမှာ---ငါတို့ရင်ထဲကတော့---
----------------------------------
[ အမည် မဖော်လိုသူ ]
ငါ့ အဖေ ဘယ်သူလဲ
ဒါတော့---မင့်အမေကိုယ်တိုင် အသိဆုံးနေမှာပေါ့
ငါ့ အမေကရော ဘယ်သူလဲ
ရူးနေလား--ကိုယ့်မွေးတဲ့ အမေတောင် မသိရအောင်
လူမျိုးအနေနဲ့ကရော --ဘာလူမျိုးလဲ--ငါက
ကိုယ့်ရုပ်ကိုယ် မှန်ပြန်ကြည့်လေ---သိချင်ရင်
အရပ်ထဲမှာ--ငါ ဆိုတဲ့အကောင် ရှိနေသေးတယ်ဆိုတာရော သိကြရဲ့လား
မရှိရအောင် မင်းက သေရွာ သွားနေလို့လား
အိမ်နဲ့ယာနဲ့ နေတာတော့ ဟုတ်ပါတယ်နော် ငါက
ခု--ဘယ်ဇရပ် ဘယ်လမ်းဘေး နေနေရလို့လဲ
လူရာမသွင်းရအောင် ငါက နူနေလို့လား ဝဲနေလို့လား
အနေအထိုင်ဆင်ခြင်ရင် ရောဂါဆိုတာ ကုလို့ ရပါတယ်
ရှင်းနေတာကြီးကတော့ မကောင်းပါဘူး
ဟေ့ကောင် ဘာရှင်းတာလဲ--ရှင်းရှင်းပြော ရှုပ်အောင် မလုပ်နဲ့ ဘာလဲ
ငါ့ဟာငါ စဉ်းစားနေတာ
ဘာစဉ်းစားနေတာလဲ
ငါ့အဖေ ဘယ်သူလဲ ဆိုတာ
ဒါတော့---မင့်အမေကိုယ်တိုင် အသိဆုံးနေမှာပေါ့လို့ ပြောပီးဘီလေ
အင်း--ဒါဆို ငါ့အမေကရော ဘယ်သူလဲ
အာာာ--အပ်ကြောင်းထပ်လာဘီ၊ ဘာဖြစ်နေတာလဲသာ ပြောတော့
ဇဝေဇဝါ ဖြစ်နေတာ
ဘာဇဝေ ဇဝါ ဖြစ်တာလဲလို့
ငါက ဘာလူမျိုးလဲ
ကွာ--ဒီကောင်---ကိုယ့်ရုပ်ကိုယ် မှန်ပြန်ကြည့်လို့ဆို
အရပ်ထဲမှာ အခုထိ ငါ နေထိုင်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်နော်
တော်ပြီ--ဂျာလည်ခတ်တယ်ဆိုတာ ဒါပြောတာနေမှာ--ကြာရင် ငါပါ ဂေါက်လိမ့်မယ်
မဟုတ်ပါဘူး---နဝေတိမ်တောင်ဖြစ်နေလို့ ကိုယ့်ဟာကိုယ် ပြန်မေးနေတာ မင်းက ဝင်ရှည်နေလို့
ကဲ---မရှည်တော့ဘူး---လိုရင်းတုံးတိသာ ပြောတော့ ဘာလဲ
ငါ့နာမည် မဲစာရင်းထဲမှာ ပါမလာလို့
တိန်----

[ မှတ်မှတ်ရရ ဟာသများ ]
အို--ဖဲရိုက်တဲ့နေရာမှတော့ နှစ်ယောက်မရှိဘူး၊ ယောက္ခမတောင် ဖဲပေါင်ရိုက်တဲ့ကောင်၊ သုံးနှစ်ရှိပြီ ပြန်ကို မရွေးဘူး၊ အိမ်ပေါ်က ဆင်းပါ ဆင်းပါ ပြောတော့လည်း မဆင်းဘူး၊ မဆင်းသာ မဆင်းတယ် အိမ်က သူ့အိမ်၊ သူ့အိမ်လို့သာ ပြောတယ် အိမ်ဆောက်တုန်းက ငါ့ သံ တစ်ချောင်း တောင်မပါဘူး---
(သပြေဂျာအေး---အမှတ်တရ)
(သပြေဂျာအေး---အမှတ်တရ)
(ဆက်လက်ဖြည့်စွက်ချက်----မှတ်မှတ်ရရဟာသများမှ----)
ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ထားနေရဲ့သားနဲ့ ဘယ်သူမှ ကြည်ညိုလေးစားမှု မရှိကြတာတော့ မကောင်းပါဘူး၊ တစ်ရွာလုံးနဲ့ ငါ့ဘကြီးလို့ပြောရအောင်လည်း တစ်ယောက်နဲ့မှ တည့်တာလည်းမဟုတ်၊
မျက်နှာပြောင်တိုက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူးတဲ့၊ မျက်ခွက်ကသာ ပြောင်တယ်ထင်နေကြတာပါနော် စိတ်ရင်း စိတ်ဓာတ်အနေနဲ့ကတော့ ပုပ်ပြီးသားပါ၊ စိတ်ရင်းလေးသာ ပုပ်တာပါ ရုပ်ကလည်းခပ်ဆိုးဆိုးမဟုတ်လား၊ ရုပ်ကခပ်ဆိုးဆိုးမို့ အထင်သေး သလား ဆွေကြီးမျိုးကြီး တစ်ကောင်ကြွက်နော်၊ တစ်ကောင်ကြွက်ဆိုတိုင်း အထင်စမောသွားတယ်ဆိုရင်မှားမယ် ဆီစက်မှ သုံးစက်၊ အကြော်ကြော်တုန်းက လက်ပေါ်တင်တာ၊ ဆန်စက် ဆန်စက်တွေဆိုတာ မတ္တရာမှာတစ်လုံး၊ မုံရွာမှာတစ်လုံး၊ မန်းဒလေးမှာ တစ်လုံး လှည့်ကိုမကြည့်တာ၊ ဘယ်လှည့်ကြည့်မလဲ ကိုယ့်ဟာမှ မဟုတ်တာ၊
စဥ့်အိုးကြီးထဲမှာဆို အပြည့်၊ ဘာတွေလဲ မမေးနဲ့ ရေတွေ၊ ရေတွေဆို လို့ ဖြစ်မသွားနဲ့ဦး ဆုံးအောင်နားထောင်၊ အဲဒီရေတွေရဲ့ အောက်ခြေမှာမှ---ရတနာတွေလို့ ပြောတာဟုတ်ပါဘူး၊ အနည်တွေလို့ပြောတာ၊ အနည်တွေဆိုလို့ မဟုတ်က ဟုတ်က ပြောတယ်လို့ ထင်သလား၊ ဟင်းဟင်း စဥ့်အိုးကြီးကို ခွဲလိုက်စမ်း၊ ဂွမ်းဆိုမြည်သွားမယ်လေ ဟုတ်ဘူးလား၊ အလကားပြောတာ အဲသလို--ခွဲလိုက်တော့--အိုးခြမ်းပဲ့တွေ ဖြစ်သွားမယ်လေ၊ ရှင်းတယ်နော်၊
စိတ်ရင်းယုတ်ပေမယ့် စိတ်ဓာတ်ကမာတယ်၊ သင်္ခါရ သဘောကို သိတယ်၊ အိမ်အလယ်ခေါင်တည့်တည့်ကြီး ကားလမ်းဖောက်သွားတာ ဘယ့်နှယ်မှ မနေဘူး၊ မတုန်လှုပ်ခဲ့ဘူး၊ ဘယ်တုန်လှုပ်မလဲ ယောက္ခမ အိမ်ကိုး၊ ယောက္ခမသာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတာပါ ၊ ကျုပ်ကတော့ ဖဲရိုက်မပြတ်ဘူး၊ ဖဲရိုက်တဲ့နေရာမှာတော့ နှစ်ယောက်မရှိဘူး၊ သူ့ကိုတောင် ဖဲပေါင်ရိုက်ပစ်တဲ့ကောင်၊ သုံးနှစ်ရှိပြီ ပြန်ကို မရွေးဘူး၊ ကြည့်မရလို့ အိမ်ပေါ်ကဆင်းပါ ဆင်းပါပြောတော့လည်းမဆင်းဘူး၊ မဆင်းဆို အိမ်ကသူ့အိမ်၊ သူ့အိမ်---------------ဘယ်သူသေသေ ငတေမာရင်ပြီးရော-
Feb 11, 2016
[ ကျနော်နှင့် တံတားအို ]
ကိုယ့်ကိုများ တိုက်ရိုက်လှောင်ပြောင်သနေလားလို့တောင် အစကတော့ ထင်မိပါရဲ့ ဟုတ်တယ်လေ တစ်ခါတစ်လေမှာ တိုက်ဆိုင်မှုရှိလာတဲ့အခါ အဲသလိုပဲ ထင်မိကြတာပဲ မဟုတ်လား
---တံတားတစ်စင်း ဆောက်လိုက်တယ်တဲ့--သည်တံတားကို စောင့်ရှောက်ဘို့ ဆိုပြီး ဝန်ထမ်းတစ်ဦးခန့် လိုက်တယ်၊ နောက်--သည်ဝန်ထမ်း အလုပ်လုပ်သလား မလုပ်သလား သိရအောင် အုပ်ချုပ်ရေးမှူးတစ်ယောက်တော့ခန့်ရမယ်၊ ဒါဆို သူတို့ရဲ့ လစာ ဘယ်သူတွက်ချက်ပေးမလဲ၊ စာရင်းအင်း ကျွမ်းကျင်တဲ့သူ တစ်ယောက်တော့ ခန့်ပေးဦးမှ၊ သန့်ရှင်းရေးကလည်း လိုလာပြန်ပီ၊ ခန့်လိုက်ပြန်ပေါ့၊ ဟိုဟာဝယ် သည်ဟာဝယ်အတွက် ရုံးအကူ တစ်ယောက် ကလည်း မရှိမဖြစ်လေ၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းကျွမ်းကျင်မ နှင့် လုပ်သက်၊ ရာထူးတိုးရေးကိစ္စအဝဝ၊ အသက်အာမခံနှင့် SSB ဆိုလား လူမှုဖူလုံရေးဒါတွေ တာဝန်ယူဆောင်ရွက်နိုင်မယ့် HR ၊ ပြီးတော့----ခန့်လိုက်ပြန်ဘီ၊ နောက်တော့---အတွင်းရေးမှူးမလေး၊ လက်ထောက်မန်နေဂျာ၊ အဲဒီနောက်---supervisor ၊ ကားဒရိုက်ဘာ---ဒါနဲ့ ဒါနဲ့-----ဝန်ထမ်းအင်အား များလာတာနဲ့အမျှ ဝင်ငွေ ထွက်ငွေ ရသုံးခန့်မှန်းခြေ ဘဏ္ဍာရေးနှစ်အကုန် တွက်ချက်ကြည့်လိုက်တော့ တံတားကဝင်တဲ့ ဝင်ငွေနဲ့ ပြန်လည်ပြင်ဆင်စရိတ်၊ ဝန်ထမ်းစရိတ်၊ အထွေထွေအသုံးစရိတ်၊ မဖြစ်ချေဘူး---ဝန်ထမ်းအင်အားလျှော့ရတော့မည်၊ အားလုံး မဲခွဲ ဆုံးဖြတ်လိုက်ကြသည်။
အစောင့် အလုပ်ပြုတ်သွားသည်----တဲ့။
ကဲ---ထူးဆန်းတယ်လို့ မထင်ဘူးလား၊ အစကတော့ ဒါလေး ဖတ်မိတော့ ကိုယ့်တိုင် လိပ်ပြာငယ်မိသည်။ ဟုတ်တယ်လေ၊ ကိုယ်တို့လည်း ဘာထူးလဲ သည်တံတားလေးပေါ် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေဆီကနေ ရရှိတဲ့ ဝင်ငွေပေါ်မှာ အခြေတည်ပြီး---ထမင်းအိုးလေး တည်မြဲနေရတာ နှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ တံတားလေးခမျာလည်း အတော်လေးကို အိုမင်းနေပါပြီ၊ ယိုယွင်းစပြုလာပါပြီ၊ ပြင်သင့်သလောက်တော့ ပြင်ပေမယ့်--အချို့ ယာဉ်တွေက တံတားလေးပေါ်ကို ဖြတ်သန်းဘို့ မဝံ့မရဲ ဖြစ်နေကြတာ ကိုလည်း သတိပြုမိပါရဲ့။ သတ္တိရှိရှိဖြတ်သန်းမယ်ဆိုရင်တော့ ---
အချိန်ကုန်သက်သာမှုနဲ့ မြန်ဆန်မှု အကျိုးကို ခံစားရမယ်ဆိုတာ သိနေပေ မယ့် လက်တွေ့မှာ မတော်လို့များ ဖြစ်သွားခဲ့သည်ရှိသော်---ဆိုတဲ့ စိုးရိမ်စိတ်က လွန်ကဲနေတော့ ပါလာတဲ့ ကုန်ပစ္စည်းတန်ဘိုးနဲ့ အခြား အဝေးကြီးက ပတ်ရမယ့် ကုန်ကျစရိတ်ကို တွက်ချက်ကြပြီးတဲ့နောက်မှာ အချို့ ဝန်ပိုကုန်တင်ယာဉ်တစ်ချို့ နောက်ကြောင်းပြန်လှည့်ရင်း အခြား လမ်းကြောင်းကို ရွေးချယ်သွားကြသည်၊ အဲဒီလို ဖြစ်လာဖန်များလာတဲ့အခါ တံတားဖြတ်သန်းခသည် အရင်လို ကောင်းကောင်းမွန်မွန် ထဲထဲဝင်ဝင် မရရှိခြင်း၊ နေ့စဉ်သတ်မှတ်ဝင်ငွေ မပြည့်မီခြင်းတို့ကြောင့် သည်တံတား အိုလေးကို အမှီသဟဲပြု နေကြသော နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြသော ဝန်ထမ်းများစိုးရိမ်လာကြသည်။ ရေရှည်မှာ ဖြစ်ပါ့မလား
ဝန်ထမ်းများ စိုးရိမ်သောကသည် အပေါ်ယံခပ်ရှပ်ရှပ်လောက်သာ၊ သည်တံတားမှာ မလုပ်ရတော့လဲ နောက် အလုပ်တစ်ခုပေါ့ဆိုပေမယ့်---ဟိုမရောက် သည်မရောက် အသက်အပိုင်းအခြား သက်ကြီး ဝန်ထမ်းများကိတော့-----ရင်လေးနေမိကြသည်။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များက ပိုပြီး သတိပြုမိခြင်းနှင့် စိုးရိမ်ခြင်းများ လွန်ကဲကြသည်၊ နေ့စဉ်ဝင်ငွေ အခြေပြ ဇယားကို လက်တွေ့ သိရှိနေကြတာပဲ၊
စဉ်းစားသည်၊ တွေးသည်၊ ကြံဆသည်၊ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ---အဖြေက ရှင်းရှင်းလေးပါ
တံတားဟောင်းနှင့်ခပ်လှမ်းလှမ်းမှာ တံတားအသစ်တစ်စင်း---ကို တည်ဆောက်ကြမယ်ပေါ့----
တံတားဟောင်းထက် အဆင့်မြင့်တဲ့ ဝန်အလေး တန်ချိန်ကို ပိုမို တောင့် ခံနိုင်မယ့် တံတားအသစ်တစ်စင်းကို ခပ်မြန်မြန်တည်ဆောက်ရတော့မှာပေါ့၊ သည်လိုမှ မဟုတ်ရင် တံတားအိုလေးမှာ ဖြတ်သန်းသွားလာနေကြတဲ့ ယာဉ် များ တစ်ဖြည်းဖြည်း ပါးလျားလာပြီး မိမိတို့ထက် သာလွန်ကောင်းမွန်သော အခြားလမ်းကြောင်းကို ရွေးချယ်သွားကြမည်၊ ဒီအချက်ကို စိုးရိမ်သည်၊ သိလည်း သိနေခဲ့ပြီ၊ မိမိတို့ တံတားမှ ဖြတ်လျှင် အချိန်တိုတွင်းမှာ မြန်မြန် ဆန်ဆန် ကူးလူးသွားနိုင်သည်ကို သိပါလျက်နှင့် သည်အတိုင်း မိန့်နေ လျှင် နောက်ပိုင်းမှာ ငြိမ့်နိုင်မည်မဟုတ်၊ အမြန်ဆုံးတံတားအသစ်တစ်စင်း တည်ဆောက်ရပါတော့မည်၊
ဒါဆိုရင်-----တံတားအိုမှာ တာဝန်ထမ်းဆောင်နေသော အစောင့်ဝန်ထမ်း ကအစ အုပ်ချုပ်ရေးမှူးအထိ အဆင့်ရှိသော ဝန်ထမ်းများနှင့်ဖြစ်မလား၊ ဒါလည်း မဖြစ်နိုင်၊ သူတို့ မိမိတို့သည် လှေကြီးထိုး ရိုးရိုးသမားများဖြစ်နေ သည်ကိုလည်း သိနေကြသည်၊ သည်လူတွေနှင့် တံတားအသစ်ထပ် တည်ဆောက်ပြီး ဆက်သွားလို့မရနိုင်၊ သည်လူတွေက တံတားအိုလေးမှာ လာသမျှ ဖြတ်သန်းသမျှ ယာဉ်များကို ကောက်မည်၊ မောင်းတံမတဲ့သူက မပေးမည်၊ တံတားအိုလေး ပျက်စီးနေသည့်နေရာရှိလျှင် လက်ပူတိုက် နည်းဖြင့် ဖာထေး ပြုပြင်တတ်ပေမယ့် ဟုတ်ဟုတ်ရားရား ဂဏန်းတွေ သင်္ချာတွေ ပုံသေနည်းတွေ ဖော်မြူလာတွေနဲ့တော့ လုပ်ခဲ့ခြင်းမျိုးမဟုတ်၊ သို့သော်---သူ့ဟာနှင့်သူတော့ ဖြစ်တော့ နေပါသေးသည်။
အဲသည်တော့---တံတားအသစ်ကြီးများ တည်ဆောက်တော့မယ်ဆိုရင် သည်လို လူတွေနဲ့ ရှေ့ဆက် ခရီးနှင်လို့ ဖြစ်ပါ့မလား၊ တံတားအသစ်ဆိုတာနဲ့အညီ ကောက်ခံရေးနှင့် မောင်းတံ မတာကအစ လက်နှင့် မတာမျိုး ဘောက်ချာဖြတ်တာကို လယ်ဂျာစာအုပ်ကြီးနဲ့ မှတ်တာမျိုးတွေနဲ့တော့မဖြစ်တော့၊ အရာအားလုံးတော်တော်များများကို နည်းပညာအသစ်တွေ စက်ယန္တယားတွေနဲ့ သွားရတော့မည်၊ တန်ပိုချိန်တာကအစ ကွန်ပျူတာတွေနဲ့ ဖြစ်တော့မည်၊ လက်ရှိ တံတားအိုလေးမှ ဝန်ထမ်းများသည် ဘုတ်အုပ်ကြီးသမား များ၊ ရှေးရိုးဆန် သမားများလို့ပဲ မိမိအပါအဝင် သတ်မှတ်ရမလို ဖြစ်နေသည်၊ မရှက်တန်းဝန်ခံရလျှင် တံတားအသစ်ကြီးမှာ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အတတ်ပညာအား မိမိအပါအဝင် ဝန်ထမ်းအတော်များများ နည်းနေကြောင်းကို မေးစရာမလိုဘဲ အလိုလို သိရှိပြီးဖြစ်ပါသည်။ ဒီတော့---တံတားအသစ်ကြီးအတွက်ဆိုရင်---ပညာတတ် လူတန်းစားများ အမှန်တကယ်ကို လိုအပ်လာမည် မဟုတ်ပါလား၊
ဒါဆိုရင်---တံတားအသစ်ကြီးများ တည်ဆောက်ပြီးသွားရင်---မိမိတို့လို----အို --မတွေးတာဘဲ ကောင်းပါ တယ်လေ----နောက်တော့ မှ နောက်ရောက်ရားပေါ့လို့ စိတ်ကို ဖြေလျော့တွေးရင်း---လက်ရှိအချိန်အထိတော့ ကိုယ်လုပ်ရမယ့် တံတားအိုလေး စောင့်ထိန်းရမယ့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေလိုက်တော့တယ်၊ သူတို့တစ်တွေကတော့----
တံတားအသစ်ကြီးတည်ဆောက်နိုင်ရေးအတွက် အားသွန်ခွန်စိုက် လုံးပမ်း ကြပါတော့သည်၊
ဆောက်လုပ်ရေးအင်ဂျင်နီယာအတတ် ကျွမ်းကျင်သူများ၊ ကွန်ပျူတာကျွမ်းကျင်သူများ၊ စာရင်းအင်း ဇယားနှင့် အတွက်အချက် ကောင်းသူများ၊ အုံနှင့်ကျင်းနှင့် ဖြစ်လာပါပြီ။ တံတားအသစ်ကြီးအတွက် လိုအပ်သော နည်းပညာများ ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များ------တစ်စတစ်စ----
အားလုံးတော့ ပြည့်စုံနေပါပြီ၊ နေ့စဉ်နှင့်အမျှတော့---တံတား အသစ်ကြီးဆောက်တော့မယ့် ဝန်ထမ်းအသစ်ကြီးတွေ--- အလုပ်ရှုပ်နေကြသည်မှာ သူတို့လောက် လောကကြီးမှာ ဘယ်သူမှကို မရှိလောက်အောင် ထင်ရသည်၊ --အခုထက်ထိတော့----တံတားအသစ်ကြီးနေရာအတွက် လျာထားချက်သာ ရှိနေပြီး---ချောင်း ကို ဖြတ်ကူးနိုင်ရန်အတွက် ပိုင် တစ်လုံးတစ်လေတောင် ရိုက်ထားခြင်း မရှိသေးတာတော့ တွေ့ရသည်။ အချိန်တွေကတော့ တော်တော်လေး ကြာခဲ့ပါပြီ၊
တံတားအသစ်ကြီးက မစရသေးတော့ ဝင်ငွေ မဝင်သေးပေမယ့် သူတို့အတွက် လစာကတော့ အခုထက်ထိတံတားအိုလေးကနေ ရရှိတဲ့ ဝင်ငွေနဲ့ပဲ--
တံတားအိုလေးကလည်း အိပဲ့အိပဲ့နဲ့ ဟိုးတုန်းကအတိုင်း ဖြတ်တဲ့ယာဉ်ရှိတဲ့အခါ ကောက်လိုက်၊ ကိုယ့်အလုပ်ကိုယ် လုပ်နေကြဆဲပါပဲ---
သူတို့ တစ်တွေလည်း---အလုပ်တွေ--ရှုပ်နေကြဆဲပါပဲ
ရွှေပြည်တော် မျှော်တိုင် မဝေးဘူးဆိုတာလည်း သိနေပါတယ်
တံတားအသစ်ကြီး ဖြစ်လာတဲ့အခါကျ--
မိမိတို့ ဘယ်လိုများ ရှေ့ဆက် ခရီးနှင်ရပါ့မလဲ
ဝန်ထမ်းလျှော့တဲ့အခါ--မိမိလို အစောင့်ဝန်ထမ်းကိုများ
လျှော့ပစ်လိုက်မှာလားဟဲ့လို့---နည်းနည်းတော့ တွေးပူမိရင်း
ဟင်းးးးးးးးးးးးးးးးး

အကြိုက်ဆုံး ဇာတ်ဝင်ခန်းနဲ့ တေးသီချင်း
[ တူညားဒွေလို တို့လည်း ဂုဏ်ပြုလိုက်သည် ]
--------------------------------------------

ခါးက ချိနဲ့နဲ့ စကားက ယိသဲ့သဲ့
တောင်ကြီးကိုများ ဖြိုချင်တယ်
မောင်းထောင်းနိုင်ရုံ အိုးရွက်နိုင်ရုံ
မာန်တွေ ထောင်ချင်တယ်--------------
ကြက်မ ဘယ်လောက်တွန်တွန် ကြက်မ ဘယ်လောက်တွန်တွန်
မိုး မ လင်း ပါ ဘူး ဗျ

မှတ်ထားပါကွယ် လှိုင်းကြီးလှေအောက်
မိန်းမဆိုတာ တို့များ မကြောက်
ချောင်းမိပြန်ရင် ငါးပါးကြီးကိုမှောက်
ရှင် ဘုရား စူးပါစေကွယ်
မိန်းမဆိုတာ မူယာ မာယာ ခေါင်းထိုး တန်ခိုးဖြာ
ကြက်မ ဘယ်လောက်တွန်တွန် ကြက်မ ဘယ်လောက်တွန်တွန်
မိုး မ လင်း ပါ ဘူး ဗျ---------

သမ္မာကျမ်းထဲက ကမ္ဘာဦးအစ
ကိုအာဒမ်အတွက် မဧဝ
ခြေဆုပ်လက်နယ် ပြုဘို့ရာ
ဖန်ဆင်းပေးရရှာ-----ဟား ဟား ဟားးးးး

ခါးက ချိနဲ့နဲ့ (ယိ----ဟိ)
စကားက ယိသဲ့သဲ့ (အား ဟ)
တောင်ကြီးကိုများ ဖြိုချင်တယ်
မောင်းထောင်းတတ်ရုံ အိုးရွက်နိုင်ရုံ---နဲ့
မာန်တွေ ထောင်ချင်တယ်--------------
ကြက်မ ဘယ်လောက်တွန်တွန် ကြက်မ ဘယ်လောက်တွန်တွန်
မိုး မ လင်း ပါ ဘူး ဗျ
စကားက ယိသဲ့သဲ့ (အား ဟ)
တောင်ကြီးကိုများ ဖြိုချင်တယ်
မောင်းထောင်းတတ်ရုံ အိုးရွက်နိုင်ရုံ---နဲ့
မာန်တွေ ထောင်ချင်တယ်--------------
ကြက်မ ဘယ်လောက်တွန်တွန် ကြက်မ ဘယ်လောက်တွန်တွန်
မိုး မ လင်း ပါ ဘူး ဗျ
------------------------------
ရေလေးက အေးနေတာပဲနော်
နာမယ် ဘယ်လိုခေါ်တုန်း
ရေလေးက အေးနေတာပဲနော်
နာမယ် ဘယ်လိုခေါ်တုန်း
[ မှတ်မှတ်ရရ ဖြစ်ပုံများ ] (တစ်ရံရော အခါက ----ကိုဘခိုင်သူငယ်ချင်းဖြစ်သော ကျနော်၏ အဖေသို့ အမှတ်တရ၊ နှစ်ယောက်သား ကောင်းရာ ဘုံမှာ ပျော်စံနိုင်ကြပါစေ)
[ မှတ်မှတ်ရရ ဖြစ်ပုံများ ]
မြို့ကွက်သစ်များ တိုးချဲ့ပြီးစ ကာလ
အချိန်က ည ၁၀ နာရီ ဝန်းကျင်
လျှပ်စစ်မီးတိုင်မရှိ၊ လရောင်ကင်းမဲ့၊ မှောင်မိုက်လွန်းသောည
နှစ်ယောက်သား ညနေခင်းကို မြိုချအပြီး
စမ်းတဝါးဝါး၊ ဒယီးဒယိုင်---နှင့် ပြန်ခဲ့ကြ
ကိုဘခိုင်
ဟေး
အခု ဘယ်သွားနေတာလဲ
အိမ်ပြန်နေတာလေ
အိမ်ပြန်တာရော ဟုတ်ရဲ့လားဟ
ဟုတ် ပါ တယ် ဟ
သိပါဘူး ဝန်ရိုးစွန်း အထိများ သွားနေသလားလို့
မင်းကလဲ သည် လောက် မှောင်နေတဲ့ဟာ လမ်းကလည်း မင်းမြင်တဲ့အတိုင်း
မင်းမြင်တဲ့အတိုင်း မလုပ်နဲ့ ဘာမှ မြင်ရဘူး၊ သေချာလည်း ရှေ့ကသွားဦး
မြောင်းထဲကျ ရေတိမ်နစ်မသေဘဲ မြွေကိုက်လို့ ကိစ္စချောနေကြဦးမယ်
အေးပါ---
သေချာတယ်နော် ကိုဘခိုင်
ဘာကိုလဲ
အိမ်ဘက် သွားနေတယ် ဆိုတာ သေချာလားလို့ မေးနေတာ
ဓူဝံကြယ် ကြည့် သွားနေတာပါကွာ မလွဲလောက်ပါဘူး
မလွဲသာ မလွဲတယ် ခါတိုင်း စက်မှုကျောင်းထိပ်ကနေ
လျှောက်ရင် မိနစ် ၂၀ လောက်ဆို ရောက်နေတဲ့ဟာ ခု ကြာလှပြီဟ လုပ်ဦး
အေးကွာ ငါလည်း အရှေ့ထဲဆိုပြီး လျှောက်တာပဲ ဘာလို့ အိမ်က ရှာမရ ဖြစ်နေတာလဲ မသိဘူး
ဟာ--ဟိုမှာ အင်းခရု ဘုရားကြီး မအေဘေး ခွေးမသား ဘခိုင် တလွဲကြီး
လျှောက်လာတယ်
ဟာ ဟုတ်ပါရဲ့ကွာ ငါလည်း ဓူဝံကြယ် ကြည့်ပြီး လျှောက်လိုက်တာ အရှေ့ထဲမဟုတ်ဘဲ မြောက်ထဲ ဖြစ်သွားတယ် ပြန်လှည့်ကြစို့---

(တစ်ရံရော အခါက ----ကိုဘခိုင်သူငယ်ချင်းဖြစ်သော ကျနော်၏ အဖေသို့ အမှတ်တရ၊ နှစ်ယောက်သား ကောင်းရာ ဘုံမှာ ပျော်စံနိုင်ကြပါစေ)
(အရက်မူးသမားကြီး အဖေသို့ အမှတ်တရ-----)
[ မှတ်မှတ်ရရ များ---------]
အဖေက လက်မှု ပန်းထိမ်ပညာတင် မကပါဘူး
ရွှေလောက အခေါ်---- မိုက်---လည်း ထုတ်တတ်ပါတယ်
မိုက်သူကြီးလို့ ခေါ်တာပေါ့
ပန်းထိမ်ပညာတတ်တိုင်းလည်း မိုက် ထုတ်ခြင်း အတတ်ကို
တော့ များသောအားဖြင့် မတတ်ကြပါဘူး
ကဏ္ဍတစ်ခုစီ သပ်သပ်စီ ဖြစ်ပါတယ်
မိုက်--ဆိုတာ----
ပန်းထိမ်ဖို (သို့) ရွှေအလုပ်လုပ်တဲ့ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့
အောက်ခံ မြေကြီးကို မိုက်လို့ ခေါ်တာပါ
လုပ်သက် ၆ လ၊ တစ်နှစ် ကြာသည့်အခါ၊ မိုက်ထုတ်ကြပါတယ်
လုပ်ငန်း လုပ်ကိုင်မှုအပေါ် မူတည်ပြီး သက်တမ်းအလိုက်
ဈေး နှုန်း အနိမ့် အမြင့် ကွာပါတယ်
ဆိုလိုတာက ရွှေထည်လုပ်ငန်း မပြတ်အောင်လုပ်ကိုင်နိုင်ခြင်း
ဖိုမှာ အလုပ်သမား များပြားခြင်းစတဲ့ အခြေအနေပေါ်မူတည်ပြီး
ဈေးနှုန်းကို ဖိုပိုင်ရှင်မှ ဈေးစကားကို ပြောပါတယ်
ဒါ့ကြောင့်လည်း ပန်းထိမ်ဖို အများစုဟာ အောက်ခံ မြေကြီးကို သဲနှင့် နုံးစပ်ထားသော နူံးမြေကိုသာ ဖိုအတွင်းမှာ ထည့်သွင်းကြပါတယ်
အုတ်ခုံသဘောမျိုး ခင်ထားခြင်းကို တတ်နိုင်သမျှ ရှောင်ကြပါတယ်
ပန်းထိမ်ဖိုတွေရဲ့ မိုက်ဟာ ပိုက်ဆံ စုထားသလိုမျိုး စုဗူးသဘောမျိုးပါပဲ

ဝယ်သူ မိုက်ထုတ်သူ မိုက်သူကြီးမှ လုပ်ငန်းလုပ်ကိုင်မှုနှင့်
သက်တမ်း ကာလအပိုင်းအခြားအတွက်ချက်ပြီး ဝယ်ယူရပါတယ်
သည်အချက်ကို ပိုင်ပိုင်နိုင်နိုင်တွက်ချက်နိုင်မှ ဝယ်ယူမှုမှာ
အမှားအယွင်း နည်းပါတယ်

မိုက်တွေကို ရွှေကျင်တော့မယ်ဆိုရင်
ရေထဲမှာ မျှောစင်စိုက်ပြီး ရေနဲ့ မိုက်(မြေကြီး)တွေကို တိုက်ချသည့်အလုပ်ကို
ရွှေကျင်တယ်လို့ ခေါ်ပါတယ်
မိုက်သူကြီး လုပ်သူသည် ကျင်ခွက်ကို ပိုင်နိုင်စွာ ယမ်းနိုင်ရမည်
ရွှေလှော်ရွှေချွတ် ပညာကို တတ်ကျွမ်းရမည်
ဘိုင်ခုတ် ထတ်ရမည်
(သည်အကြောင်းတွေကို နောက်မှာ ရှင်းပြပါမည်)

အဖေက ပန်းထိမ်ပညာအပြင် မိုက်ပညာကို
ညောင်ခြေထောက်က မိုက်သမားများနှင့် ခင်မင်ပြီး နောက်ပိုင်း
သင်ယူ တတ်မြောက်ခဲ့တာပါ။
အမှိုက်ထဲက ရွှေ ထုတ်တဲ့ ပညာလို့ တစ်နည်းပြောလို့ ရပါတယ်
အဖေဟာ အဲသလို အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်တတ်တဲ့ မိုက်ထုတ်ခြင်း အတတ်ပညာကို တတ်မြောက်သလို
ရွှေဖြစ်လာတဲ့အခါမှာလည်း အမှိုက်ဖြစ်အောင် ပြန်လည်ပြီး
လုပ်ပစ်တတ်ပါတယ်။ အဲဒါကတော့
အရက်သေစာ သောက်စား မူးယစ်ပစ်တာပါပဲ
မမူးတဲ့အခါ ခင်စရာ မင်စရာ အလွန်ကောင်းပြီး ချစ်စရာကြီးဖြစ်ပေမယ့်
မူးလာတဲ့အခါမှာတော့
ကြောက်စရာ ရွံစရာ မုန်းစရာကြီးလည်း ဖြစ်နေတတ်ပြန်ပါတယ်လေ။
ဒါ ပေ မယ့်
ရွှေကို အမှိုက်ပြန်ဖြစ်အောင် ဘယ်လောက်ပဲ လုပ်ခဲ့ လုပ်ခဲ့
မိသားစုအပေါ်မှာတော့
တာဝန်မဲ့တဲ့စိတ် ကင်းလွတ်ခဲ့ခြင်း မရှိသလို
ငတ်ပြတ်နေအောင်တော့ ဘယ်တော့မှ လက်လွတ်စပ္ပယ်ပစ်မထားခဲ့ဘူး
ဘာလို့လဲဆိုတော့-------အဖေဟာ အဖေဖြစ်နေလို့ပဲပေါ့
အင်း---ပြောရရင်တော့------
မူးလာတဲ့အခါ---အတော်လေးကို သွေးဆိုးလွန်းတဲ့ အဖေရယ်ပါလေ

Subscribe to:
Posts (Atom)