Mar 1, 2016

[ မှတ်မှတ်ရရပါ ---ဖေဖေ ]

ရှေ့သို့---ဖတ်ရန်
[ မှတ်မှတ်ရရပါ ---ဖေဖေ ] နောက်ဆက်တွဲအပုဒ်သို့
အဖေပြောခဲ့ဘူးတဲ့စကားကတော့
လူတန်းစား မရွေးနဲ့ကွ အကုန်ပေါင်း
သူခိုးလည်း ပေါင်း ဓားပြလည်းပေါင်း
အားလုံးနဲ့ အဆင်ပြေအောင်သာပေါင်း
သူခိုးနဲ့ပေါင်းတော့ ကိုယ့်အိမ်အခိုးမခံရဘူး
ဓားပြနဲ့ပေါင်းတော့ ကိုယ့်အိမ် အတိုက်မခံရဘူး------တဲ့
တက္ကသိုလ်တက်ခိုင်းတယ်ဆိုတာ----အပေါင်းအသင်းရှာခိုင်းတာ
မင်း---မြန်မာစာအဓိကနဲ့ရတဲ့ ဘွဲ့လောက်နဲ့တော့
သုံးစားရမယ် မထင်ပေါင်
ကျောက်စာလေး ဘာလေး ဟုတ်တိပတ်တိ ဖတ်တတ်မယ်ဆိုရင်တော့
ပုဂံမှာ----သန့်ရှင်းရေးနဲ့ ဘုရားစောင့်လောက်တော့ ရမှာပေါ့
(တင်း တယ် ဗျာ)
နောက်ဆုံး--
မင်း ဆိုက္ကားနင်းစားရဦး
မင်း သူငယ်ချင်းက စည်ပင်ကအရာရှိဖြစ်နေပါပြီတဲ့
အနည်းဆုံးတော့ မင်း ဆိုက္ကား အဖမ်းမခံရလောက်ဘူးပေါ့ကွာ---တဲ့
(တင်း တယ် တစ် ကယ် ကို တင်း နေ ပြီ)
ပြောပုံက---သူ့သားတော်မောင်ကို
အတော်လေး အထင်ကြီးထားခဲ့ပုံ ရပါတယ်
အင်း---သူ့ခံယူချက်နဲ့ သဘောထားက ဆိုးတော့ မဆိုးဘူးလို့ ပြောရမယ်
ဟုတ်တယ်--
ကျနော့်အဖေက လူစုံပေါင်းတယ်၊ ပန်းထိမ်ဆရာ မိုက်သူကြီးကိုး---
လူစုံ ဘယ်လောက်အထိ ပေါင်းသလဲဆိုရင်
သင်္ချိုင်းမှာ ကျင်းတူးတဲ့ သုဘရာဇာတွေနဲ့ကို အဖွဲ့ကျအောင် ပေါင်းခဲ့တာ
သင်္ချိုင်းထဲမှာ နွားကျောင်းရင်း ကျင်းတူးနေတဲ့ သူလောက်တင်
ခင်တာ မင်တာတောင် မဟုတ်ဘူး
သူတို့ တစ်တွေ နေထိုင်ကြတဲ့---ရွာထဲအထိကို လိုက်ပြီး အဖွဲ့ကျ
ကိုယ့်အိမ် ကိုယ်ယာလိုကို သဘောထားပြီး သွားလာ လည်ပတ်ခဲ့တာ၊
အဖေဟာ ပန်းထိမ်လုပ်ငန်းပြင် တစ်ဖက်တစ်လှမ်းက မွေးမြူရေး လုပ်ငန်းပါ
တွဲလုပ်ပါတယ်၊ ကျနော်ကလည်း သိတတ်စအရွယ်ရောက်နေပြီဆိုတော့
မိသားစု လုပ်ငန်းဖြစ်နေတော့လည်း လုပ်ရတော့တာပေါ့လေ၊
(မွေးမြူရေးပိုင်းကို ရေးပြီး မိတ်ဆွေတို့ကို သီးသန့် ဒုက္ခပေးပါဦးမယ်)
အဲသလို ရွာထဲအထိ လည်ပတ်ခြင်း မိတ်ဆွေဖွဲ့ခြင်း တည်ခင်းတဲ့
ထန်းလျက်နဲ့ ရေနွေးကြမ်းကို မြည်းရင်း အာဖောင်ခဲ့တာဟာ
တစ်ဖက်က စီးပွားရေးလည်း ပါသတဲ့----
သူ့စီးပွားရေး ပါပုံကြီးက ကြက်သီးထဘို့တော့ အလွန်ကောင်းသည်
ကြည့်လေ----ပန်းထိမ်ဆရာ မိုက်သူကြီးဆိုတော့ အကုန်ဝယ်တာ
ဘာတွေ ဝယ်သလဲ
ရွှေသွားတွေ ဝယ်တာ
သူတို့က လက်ကိုင်ပုဝါလေးနဲ့ ထုပ်ထားတဲ့ ပစ္စည်းလေးတွေ
လာလာရောင်းတယ် အဖေကလည်း ဝယ်တာပဲ
အမေကလည်း လူကဲခတ်မညံ့ခဲ့ပါဘူး၊ လာတဲ့သူတွေရဲ့ ပုံစံနဲ့
အနေအထားကို ကြည့်ပြီး သင်္ကာမကင်း ဖြစ်တော့
တော် ဘာတွေဝယ်တာလဲ၊ ဘာတွေ လာရောင်းသွားကြတာလဲ
ဆိုပြီး အဖေ့ကို မေးတော့ အဖေကလည်း အမေကြောက်မှာစိုးတာနဲ့
ဘာမှ မဟုတ်ပါဘူး နားကပ်ပါ၊ လက်စွပ်ပါ နဲ့ ဝေ့ဝိုက်ဖြေပေမယ့်
အမေက မရပါဘူး၊ ဇွတ်အတင်း ပြခိုင်းတော့ အဖေလည်း နောက်ဆုံး
လက်ကိုင်ပုဝါလေး ဖြည်ပြလိုက်ပါလေရော
အမလေး သွားတွေ-------
အမေ တုန်တက်သွားတယ်၊
မရဘူး အဲဒါတွေ အိမ်ထဲမထားနဲ့၊ ထားရင် ကျမ မနေဘူး လို့ ပြောတာနဲ့
အဖေလည်း ညည ဆို အဲဒီ ရွှေသွား အထုပ်လေးယူပြီး ဓမ္မာရုံဘေးက
လက်ခုပ်ပင်ကြီးအောက်ကို ကျင်းကလေး တူးတူးပြီး သွားမြုပ်ရတော့
တာပေါ့၊ နို့မို့ မတွေးရဲစရာပါလားနော်
အမေ့ခမျာ ကြားဘူးနားဝကလည်း ရှိထားတယ်လေ ----
ညအခါများ ငါ့ သွား ပြန် ပေး ဆို လက်ဖြန့်တောင်းနေမှဖြင့်
ကျနော်ကတော့ သိပ် သိတာမဟုတ်တော့ ကြောက်စရားဆိုတာ ဂဃနဏ
မသိပေမယ့် အမေကတော့ အရင် အသက်ထွက်မှာ သေချာပါတယ်၊
အဲသလိုပါဆို အဖေက ကျနော့်ကို သွန်သင်ခဲ့သလိုမျိုး သူကိုယ်တိုင်လည်း
လူမျိုးမရွေး ပေါင်းချက်ကတော့ ကမ်းကို ကုန်ရောပါဆိုမှ
အဲ--အဖေ အဲသလို ပေါင်းခဲ့တဲ့အတွက်ကြောင့် စံစားခဲ့ရတဲ့ ရလာဒ်
အကျိုးကျေးဇူးတစ်ခု မှတ်မှတ်ရရ ရှိခဲ့ဘူးပါတယ်
တစ်နေ့ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်(ယခုကွယ်လွန်)တို့
နှစ်ယောက်ဟာ ဆင်မြရှင်ကျောင်း အရှေ့ဘက် လမ်းကြားလေးအတိုင်း
တောင်ကနေ မြောက်ထဲအသွား၊ လမ်းကလည်း ကျဉ်း
လူသွား လူလာကလည်း ပြတ်နေတဲ့အချိန်
ထိပ်တိုက် တွေ့ကြပါလေရော၊ ကိုယ်လို ရွယ်တူ တစ်သိုက်
သူတို့က မြောက်ကနေ တောင်ကို လာနေကြတာ၊ ပြောလိုက်တဲ့စကားက
အလွန် ချစ်စရာကောင်းပါတယ်
သိပ်ကွာ အဲဒီ နှစ်ကောင်
အလို----အလကားနေရင်း ဘလိုင်းကြီး၊ သည်ကလည်း လူကသာ
ငယ်သေးတာ၊ ကိုယ်နဲ့ ရွယ်တူတွေပဲ၊ အများနဲ့ နှစ်ယောက်၊
မင်းတဲအီကင်းသားပဲ သတ္တိ မကြောင်တတ်ပါဘူး၊
မလုပ်ပါနဲ့ဗျာ---ကျနော်တို့ ဘာလုပ်မိလို့လဲ မလုပ်ပါနဲ့ဗျ
နှစ်ယောက်သား အီကင်းသား သတ္တိကတော့ ပြသပေါ့၊
ကြောက်လိုက်တာလေ၊ အသက် ဘယ်က ထွက်ရမှန်းကို မသိဘူး
ဘာလုပ်လုပ် မလုပ်လုပ် ထိုးကွာ အဲ့ နှစ်ကောင်
သွားပြီ---မရတော့ဘူး၊ ပုံစံတွေက အဟုတ် ဗျင်းမယ့်ကောင်တွေ
ဘုရားတပြီး မျက်စိသာ စုံမှိတ်ထားလိုက်ရတော့သည်
အမေရေ ကယ်ပါဦး--------စိတ်ထဲက အမေ့ကို တမ်းတမိသည်
ဟေ့ ဟေ့ နေဦးကွ--ဒါ ဒါ ဟို ဘကြီးသား ထင်တယ်ကွ မလုပ်နဲ့ မလုပ်နဲ့
ဟင်----ဟိုဘကြီးသား--------အဖေ့ကို ပြောတာနေမှာ
ဟာ---ဟေ့ကောင် ပြောစမ်း မင်း ဟို ပန်းထိမ်ဆရာကြီး သားမဟုတ်လား
ဟုတ် ဟုတ် ပါတယ် ခင်ဗျ
အေး မင်း နာတော့မလို့--ကံကောင်းတယ်မှတ်---
ငါ့လက်သီးက---ယားနေတာ ဟင်း ဟင်း သွား သွား တော့
တဲ့--------။ အောင်မလေး---------မောင်မင်းကြီးသားများ
ကျန်းမာလို့ ချမ်းသာတော် မူကြပါစေဗျာ
တစ်ဆက်တည်း အဖေ့ကိုလည်း ကျေးဇူးတော်အနန္တတွေနဲ့ အတုံးလိုက်
အတစ်လိုက်ကို တင်လိုက်တာမှ--မပြောပါနဲ့တော့
အင်း------အဖေရဲ့---လူမျိုးမရွေး ပေါင်းကွ ဆိုတဲ့ ခံယူချက်က
သည်နေရာမှာ---အတော်အသုံးဝင်ပြီး
မျက်ခွက်စုတ်ပြတ်ပြီး ခေါင်း အားလူးသီးထွက်ရမယ့် အရေးက
သီသီကလေးလွှတ်သွားခဲ့ရတာပေါ့။
အဖေ ကယ်ပေးလိုက်တာပါလားနော်၊
အော်-------ကျေးဇူးကြီးပေ တို့ဖေဖေ
(တစ်ခါက-------ကျေးဇူးရှင် တို့များရဲ့ ဖေဖေ သို့----------
ဖေဖေ တဲ့ လျှာယားတာနော်--------တစ်ခါမှ အဲလို မခေါ်ဘူးလို့---
အဖေ-----------လို့ပဲ ခေါ်ခဲ့တာကိုး------------ဗျ)

Feb 15, 2016

[ မှတ်မှတ်ရရ ဟာသများ ]


မစ္စတာ ကြွက်
ခင်ဗျာ--အန်ကယ်လ်ကြီး
မစ္စတာကြွက် ဆွဲထားတဲ့ ကျားပုံကလည်း ကြောင်နဲ့တူသလားလို့
ကြောင်ပုံပဲ အန်ကယ်လ်ကြီးရဲ့
သေချာကြည့်မှ-ကျားနဲ့တူနေတာပါလား---
ငင်---ဒါဖြင့်--ဒါ--ရော
အဲဒါ ဘာကြီးလဲ
ဂဏန်းရေးထားတာလေ
ဂဏန်း
ဟုတ်
ဘာဂဏန်းလဲ
နံပါတ်ဂဏန်းလေ
နံပါတ်ဂဏန်းဆိုတော့-ရေးထားတာက-မြန်မာလိုလား၊ အင်္ဂလိပ်လိုလား
(ကိုယ့်လက်ရေးကိုယ် သေချာ ပြန်ကြည့်ပြီး)
အင်္ဂလိပ်လိုရေးထားတာ
ဘာနံပါတ်တွေလဲ---အဲဒီဂဏန်းမျိုး တစ်ခါမှ မြင်ဖူးဘူးကွယ့်
သေချာကြည့်ပါ အန်ကယ်လ်ကြီးရယ် ဒါ 7 လား 9 လား
အဲဒါ 7 နဲ့ 9 နဲ့ ရေးထားတာ
မဟုတ်ဘူးလေ 7 နဲ့တူလား 9 နဲ့တူလား
မစ္စတာကြွက်က ဘယ်ဂဏန်းကို ရေးထားတာလဲမှ မသိတာ
အန်ကယ်လ်ကြီး အရင်ပြောလေ
7 ထင်တာပဲ
မဟုတ်ဘူး
အဲဒါကြောင့်ပြောတာ---9 လို့တော့ ထင်သား
ဒါဖြင့် 9 ပေါ့
အင်း-9
9 လည်း မဟုတ်ဘူး၊ ဒါ ရပလက်ကောက်ကြီး
လူကြီးကို နောက်ဦး--- ကဲ---
ဒေါင်----
(ဘာပုံဆွဲဆွဲ---ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်ကို ချီးမွမ်းပေးသော အန်ကယ်လ်ကြီးသို့ အမှတ်တရ---ခ်ခ်)
[ ရိုးရာမူပိုင် လှည်းနွားပြိုင် ]
ဟိုင်း
ဟိုင်း
ဟိုင်း-----ယား
ယောက်ျားဘသား
ဇာနည်ဘွားဟေ့
ဖေ့သားညီနောင်
ရွှေနွားမောင်တို့
ဦးဆောင်ရှေ့က
ပန်းဝင်ရမယ်
ဒါမှ---ဖေ့သား
ပြည့်ရွှေနွားကွ
ဟိုင်းယား------။
လက်ဝဲနွားပြာ
လက်ယာနွားစိမ်း
လည်ဘိဘီးလုံး
မိုးထစ်ချုန်းမျှ
အုန်းအုန်းညံပွက်
ကျောက်ကြိတ်စက်နှယ်
ရှစ်ချက်ခွာစုံ
မြေသို့တုန်အောင်
ကဆုန်စိုင်းပြင်း
လေမှာခွင်းသွား
နတ်မြင်းလားသို့---။
ပြိုင်ဘက်လှည်းဦး
ရှေ့သို့ကျူးရန်
စိတ်ကူးအားစိုက်
သို့စဉ်ခိုက်တွင်
နောက်၌ပြတ်ကျန်
ဖြတ်၍ချန်ရင်း
ဘုန်းကံလှည်းရှင်
အို--လှည်း--ရှင်--သည်
အောင်ပွဲဆင်ရန်
ပန်းဝင်ခဲ့လေပြီတကား--------။
(ရကန်အမျိုးအစား လေး-သုံး-နှစ် ပုံစံဖြင့်ရေးဖွဲ့ထားခြင်းပါ---)
၁၉၉၃-ခုနှစ် အထက်မြန်မာပြည် မြန်မာ့ရိုးရာ နွားလှည်းနှင့်နွားအလှပြိုင်ပွဲ
မန္တလေး ဆင်ဖြူကန်ကွင်း၊ တက္ကသိုလ်အဆင့်---နှစ်သိမ့်ဆု(၁)ရရှိခဲ့တဲ့
ကျနော့်ကဗျာလေးပါ--အမှတ်တရအနေနဲ့တင်ခြင်းဖြစ်ပါသည်
အဲဒီတုန်းက----ဆုတော်ငွေ--ငါးရာကြီးများတောင် ရခဲ့သဗျို---
တကယ်တော့----ကြွားလုံးထုတ်ခြင်းသာဖြစ်ပါသည်---
နေနှင့်ဦး---နောက်မှ အဲဒီဓာ့ပုံပြန်ရှာပြီး--ထပ်ကြွားဦးမယ်---ငိငိ--

[ အထောင်းသက်သာအောင် လျှောက်တင်ခြင်း ]


(တစ်)
တပည့်တော်မ ကြွမြန်းပါဦးမယ်ဖျာ့
ဟင်--
(နှစ်)
ဒကာမကြီး သမီးက အဲသလို ပြောသွားတယ် အပြောအဆို တတ်အောင် သင်ပေးထားဦးလေ
တင်ပါ့ဖရာ့---တပည့်တော်မ သူ့အစား တောင်းပန်ပါတယ်ဖရာ့ အဲဒီကလေးမလေးကတော့လေ မပြာချင်ဘူး ပါးစပ်က မိန့်တော်မူလိုက်ရင် သည်အတိုင်းချည်းပဲ
ဟင်--ဟင်---
(သုံး)
ဒကာကြီး
ဘုရား---
ဒကာကြီးသမီးနဲ့ ဒကာမကြီးကို ကြည့်ပြောဦး တစ်ယောက်ကလည်း အဲသလို နောက်တစ်ယောက် ပြောပြတော့လည်း ပိုတောင် ဆိုးနေသေး တယ် ဒူးနေရာဒူး တော်နေရာတော် ပြောတတ် ဆိုတတ်အောင် သင်ပေးထားဦး ဒကာကြီး----
တင်ပါ့ဘုရား--အတော်ခက်တဲ့ဟာတွေပါလားဘုရာ့---နောက်--ဒင်းတို့ ခြေတော်ရာ ကျောင်းထဲကို မချစေနဲ့ဘုရာ့
ဟင်--ဟင်---ဟင်-----
credit to: ဆတော်ကြီးတစ်ပါး တရားခွေမှ
ဤအကြောင်းအရာလေးကို ကိုးကားမိပြီး
မသိလို့ မေးတဲ့ဟာကို---status ကို ရယ်ရွှင်ဖွယ် တစ်ခုအနေနဲ့သာ တင်ခဲ့မိခြင်းဖြစ်ပါသည်
ကျနော် ကွန်မြူနစ်လည်းမဟုတ်သလို လက်ဝဲသမားလည်း မဟုတ်ပါဘူးခင်ဗျား

[ တန်ဆောင်မုန်း နဲ့ စတုဒီသာ ]


ဂျပန်နိုင်ငံ ကားထုတ်လုပ်သော ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရှိချုပ်က--သူ့တပည့် တစ်ယောက်ကို ပြောသည်
ငါလေ--အခု ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်
ဘာ များ လဲ ဆ ရာ
ငါ ကားတွေလည်း အမျိုးမျိုး ထုတ်လုပ်ခဲ့တယ် ဒါ မင်းသိတယ်နော်
ဟုတ် သိပါတယ်ဆရာ
ဆိုင်ကယ်ဆိုလည်း ဘယ်လို တီထွင်ရမလဲ ဈေးကွက်ကို ဘယ်လိုဖောက်ရမလဲ ငါ့အတွက် မခက်ခဲဘူးဆိုတာ သိတယ်နော်
ဟုတ် အဲဒါလည်း သိပါတယ်ဆရာ ဒါနဲ့ ဆရာ အခု ဘာဖြစ်နေတာလဲ
ငါ စဉ်းစားရကျပ်ပြီး ဦးနှောက် စားနေတဲ့ကိစ္စတစ်ခုကွာ
ဘာတွေများ တီထွင်မရ ဖြစ်နေတာလဲဆရာ ပြောပြလေ အားလုံးဝိုင်းပြီး စဉ်းစား ပေးလို့ ရတာပေါ့
မဟုတ်ဘူးကွ ခုဟာက ငါတီထွင်ထုတ်လုပ်မှာ မဟုတ်ဘူး သူများတီထွင် ထားတဲ့ဟာ၊ ငါမလုပ်နိုင်တဲ့အရာကြီး သူတို့ တီထွင်ထားတာ အဲဒါကို ငါ အံ့သြနေတာ ညညလည်း ဒါပဲတွေးပြီး အိပ်မပျော်တဲ့ ညပေါင်းလည်း များပြီ ဘယ်လိုများ လုပ်သလဲဆိုတာကို ခုထိလည်း အဖြေမပေါ်ဘူးကွာ ဟင်းးးးးး
ဘယ်လို စက်မှုကိရိယာများလည်း ဆရာရယ် ဆရာ့လို လူမျိုးကို အိပ်မပျော်နိုင်အောင် တီထွင်ထားတယ်ဆိုတဲ့ အရာကြီးက ဘာများလဲဆရာ
စက်ကိရိယာဟုတ်ဘူးကွ
ဟင်--ဒါဖြင့် ဘာလဲဆရာ
ဒီနေ့ သူတို့ဆီမှာ တန်ဆောင်မုန်းလပြည့်နေ့တဲ့၊ အဲဒါ စတုဒီသာအနေနဲ့ မုန်းလုံးတွေ ကျွေးလိုက်ကြတာကွာ ပျော်စရာကြီးကွာ ပျော်စရာကြီး
အဲဒါ မြန်မာနိုင်ငံလား ဆရာ
အေးလေကွာ
အဲဒါနဲ့ ဆရာ ဦးနှောက်စားတာနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲဆရာ
ပတ်သက်တာပေါ့ကွာ---အဲဒီမုန့်လုံးအလယ်ခေါင်ထဲမှာ ထန်းလျက်ဆိုတဲ့ အချိုဓာတ်ပါတဲ့ အခဲလေးတွေလည်း ထည့်ထားတယ်ကွာ၊ အဲဒီ ထန်းလျက်ကို အလယ်ခေါင်မှာ ဘယ်လိုများ ထည့်သလဲဆိုတာ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်၊ ထည့်တဲ့ အပေါက်လည်း ငါ ရှာမတွေ့ဘူး----ငါ ရူးတော့မယ်ထင်တယ် ဟင်းးးးးတစ်ကယ်တော်တဲ့ သူတွေပါကွာ----တစ်ကယ် တကယ်----

[ တစ်ခါတုန်းက တန်ဆောင်မုန်းလပြည့်နေ့ည အမှတ်တရ ]


နောက်နေ့ မနက်လည်းရောက်ရော---
အရပ်ထဲက တစ်ခုတည်းသော ဆေးခန်းလေးရဲ့ ဒေါက်တာ့န်ာမည် ရေးထားတဲ့ ဆိုင်းဘုတ်ကလေး ထုံးစံအတိုင်း သူ့နေရာလေးမှာ ချိတ်ဆွဲထားတာ မရှိတော့ပါဘူး
ထုံစံအတိုင်း ဆရာလည်း သူ့ဆိုင်းဘုတ်လေး ဘယ်မှာ ရှိတယ်ဆိုတာ အတတ်သိပြီးသူမို့ ဘယ်ကိုမှ မရှာ၊ မြောက်ဘက်ယွန်းယွန်းစီက တံတားကျိုးသချိုင်းဆီသို့ သာ ခြေလှမ်းကို ဦးတည်ပါသည်။
သေချာပါသည် သူ့အမည်နဲ့ ဆိုင်းဘုတ်ကလေး အုတ်ဂူတစ်ခုခု ဒါမှမဟုတ် မှတ်တိုင်တစ်ခုခုမှာ ချိတ်ဆွဲထားလိမ့်မည်ဆိုတာ----
ဖွက်ထားတဲ့သူက အထာပါသည်ဟု ပြောရမည်။ ဆရာကုသပေးလိုက်တဲ့ လူနာတွေ ဒီမှာ ပါလို့--- ပြောပြနေသယောင်
-------------------------------------------
ဦးသံချောင်း ဒေါ်ခင်တုတ်တို့ အိမ်က ဘယ်နားမှာလဲခင်ဗျာ သိရင်ကျေးဇူးပြုပြီး ညွှန်ပေးပါ့လား
ဟု လက်ဘက်ရည်ဆိုင်ရှေ့မှာ စုံစမ်းနေသည်၊ ဒါနဲ့ တစ်ယောက်က
ဘာဖြစ်လို့လဲ ပြန်မေးတော့ သူက လက်ထဲက ပံ့သကူစာရွက်လိပ်ကလေး ထုတ်ပြပြီး ဒါလေးပါ ဟု ပြောသည်။
မေးသူက စာရွက်ကလေးယူပြီး ရေးထားတဲ့ စာကို အသံထွက် ဖတ်လိုက်သည်။
ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး မနက်ဖန် လာယူပါ
ဦးသံချောင်း ဒေါ်ခင်တုတ် (မင်းတဲ့အီကင်းရပ်)---
စာလည်း ဆုံးရော လက်ဘက်ရည်ဆိုင်ထဲက လူအတော်များများ တ ဟား ဟား ဟား နှင့် ပွဲကျကုန်သည်။ လူစိမ်းခမျာ အူတူတူဖြစ်ပြီး ဘာများ ရယ်စရာ ပါလို့လဲဗျ ဟုမေးတော့ တစ်ယောက်က
ရယ်စရာတော့ သိပ်မပါပါဘူးဗျာ--ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံးဆိုလို့ပါ---ဒီစာထဲကအတိုင်း ခင်ဗျား အဲဒီအိမ်သွားလို့ကတော့ ဆန်တွေ ဆီတွေ ရ မရတော့ မသိဘူး၊ ခင်ဗျားမှာ ပါတဲ့ ပိုက်ဆံနဲ့ အဝတ်အစားလေးတွေ ချွတ်ပြီး ဒါန ပြုချင်ပြုသွားရမယ်ထင်တယ်၊ ကျနော်တို့ အရပ်ထဲမှာ အဆင်းရဲဆုံး ဗျ---
ဟင်--ဟုတ်လား---အတော်နောက်တဲ့ လူတွေကွာ ရေးစရာ ရှားလို့ တော်သေးတာပေါ့ မရှိဆင်းရဲတဲ့သူ ကို လှောင်ပြောင်သ လို ဖြစ်မိတော့မလို့ ဟု ညီးတွားရင်း စာရွက်ကို လွှင့်ပစ်ရင်း ထိုလူစိမ်းခမျာ အူကြောင်ကြောင်နဲ့ ပြန်သွား ရှာလေတော့သည်။
နောက်ပိုင်းမှာ ထိုသူ လွှင့်ပစ်ခဲ့တဲ့ ပံ့သကူ စာရွက်ကလေး လက်ဘက်ရည် ဆိုင်ထဲက လူတွေ ဝုန်းဒိုင်းကြဲပြီး ဝိုင်းလုနေကြတယ် ဆိုတာကိုတော့--- အဝေးရောက်သွားပြီဖြစ်တဲ့ အခြားနယ်က ထိုလူစိမ်း မသိလိုက်ရှာပါဘူး။
တကယ်တော့--ဦးသံချောင်း ဒေါ်ခင်တုတ်ဆိုတာ အရပ်ထဲမှာ အချမ်းသာဆုံး စာရင်းဝင်တွေလေ၊ ဆန်တစ်အိတ် ဆီတစ်ပုံးဆိုတာ ဖြစ်နိုင်တာပဲပေါ့၊ အူတူတူ ငနဲဆိုပြီး မင်မောင်းကောင်းကောင်းနဲ့ တစ်ယောက်က ဖိန့်လိုက်တော့ အရိပ်ပြ အကောင်ထင်တတ်တဲ့ မင်းတဲအီကင်း သားတွေပဲ ဘေးကနေပါ နရီ စည်းချက် အကိုက် အံဝင်ခွင်ကျ လိုက်ပေး လိုက်တော့ လူစိမ်းခမျာ ယုံမှားသံသယ ကင်းကင်းနဲ့ ပံ့သကူ စာရွက်ကလေး လွှင့်ပစ်ရင်း ထွက်ခွာသွားရရှာလေတော့သတည်းပေါ့လေ။
အဲဒီနောက်---
စာရွက်ကလေး ရတဲ့သူအပါအဝင် နှစ်ယောက် သုံးယောက်လောက် စုပေါင်းပြီး တစ်ပျော်တစ်ပါးကြီး တဟေးဟေး တဟား ဟား ပျော်မြူး ဟစ်အော်လို့ ဦးသံချောင်းတို့အိမ်ဂေဟာသို့ သွားကြပါလေတော့သည်။
ပြောရရင်တော့--ကတုံးပေါ် ထိပ်ကွက်လိုက်ကြတာပါပဲ၊
သိပ် မကြာခင်မှာပဲ---
ထိပ်ကွက်သမားများ ပံ့သကူ ပိုင်ရှင် အလှူဒါယကာကြီး ဦးသံချောင်းတို့ အိမ်ရှေ့သို့အရောက်---
ဟင်---ခြံတံခါးကြီး ပိတ်ထားပါလား၊ မနိုးကြသေးဘူးထင်တယ်၊ ဟော---ဟိုမှာ အစောင့်မောင်မြင့်တစ်ယောက်တော့ ရှိတယ်ကွ၊ လှမ်းခေါ်ကွာ
ဟေ့ ဟေ့--မောင်မြင့်
မောင်မြင့်ဆိုသူ အစောင့်က အော်သံကြားသဖြင့် လှည့်ကြည့်သည်။ ပြီးတော့ သူတို့ဆီ ဦးတည်လျှောက်လာပြီး ဘာကိစ္စလဲ မေးသည်
ပံ့သကူ ကိစ္စပါကွာ ဦးသံချောင်းတို့ မနိုးသေးဘူးလား ဒီမှာ ပံ့သကူ ညက ငါတို့ ရလာလို့---အဲဒါ အဲဒါ သူငယ်ချင်း တစ်ဆိတ်လောက် နှိုးပေးပါ့လား
ပံ့သကူ---အာာာာာာာ မဖြစ်နိုင်တာ--ဆရာတို့ တစ်မိသားစုလုံး မနေ့ကပဲ မေမြို့ အကုန် တက်သွားကြပေါ့၊ ဘယ်သူမှ မရှိဘူးကွ၊ တစ်ယောက်ယောက် နောက်လိုက်တာ နေမှာပါကွာ မဟုတ်လောက်ပါဘူး၊
ငင့်အင်----အဲဒါမှ သေကြရောဟ၊ ပါးစပ်နားရောက်မှ ပြုတ်ကျတယ်ဆိုတာ ဒါနေမှာဟေ့၊ ဒါနဲ့ သူတို့က ဘယ်လောက်ကြာမှ ပြန်လာကြမှာတဲ့လဲကွ
အဲဒါတော့ အတတ်မပြောတတ်ဘူး၊ တစ်ပတ် ဆယ်ရက်တော့ ကြာမယ်လို့ ပြောသံကြားတယ်
ကိုင်းဟေ့---ပြန်ကြစို့ဟ---အလကားကြံရင် အလဟသဖြစ်တယ်ဆိုတာ ဒီလို ဟာမျိုးကိုပြောတာနေမှာ--လစ်ကြစို့ အင့်ဟာ သွားလေရော့ ပံ့သကူ---
ပံ့သကူစာရွက်လေး ခြံတံခါးရှေ့ လွှင့်ပစ်ရင်း သူတို့တစ်တွေလည်း ထွက်သွားရော---အစောင့်မောင်မြင့်ဆိုသူက စာရွက်ကလေး အသာ ကောက်ယူရင်း--- အိမ်ဘက်သို့ အလှည့် အိမ်ရှင် ဦးသံချောင်းကြီး---အပေါ်ထပ်လှေခါးမှ ဆင်းသက်လာသည်ကိုတွေ့လိုက်ရတဲ့နောက်--အစောင့်မောင်မြင့်သည်
ဆရာကြီး---ညက ကျနော် ပံ့သကူလေး--
အော် အေး အေး---မင်း ရတယ်လား---ဈေးဦးပေါက် ကံကောင်း တာပေါ့ကွယ်၊ ကျန်တာတွေလည်း လာချင် လာဦးမှာ မောင်မြင့် ခြံတံခါး ဖွင့်ထားလိုက်တော့
ဟုတ် ကဲ့ ဆရာ---ဟုတ်ကဲ့
ကိုင်း---ဘယ့်နှယ်ရှိစ--ထိပ်ကွက်ပေါ် တံတွေး အဆွတ်ခံလိုက်ကြရပုံများ အီကင်းသားအချင်းချင်း ကင်းတုတ်ခံလိုက်ကြရတယ်လေ၊
နောက်ထပ်များ ပံ့သကူစာရွက်လေးတစ်ရွက်--ဆန်တစ်အိတ်နှင့် ဆီတစ်ပုံး--ဆို ဆက်လက် ထွက်ပေါ်လာပါဦးမည်--အဲဒီအခါကျရင်သာ---အီကင်းသားများ----
အင်းလေ ကင်းကျော်ခံရတဲ့ အသီးဆိုတော့လည်း နည်းနည်းတော့ ခါးသက်သက်ဖြစ်နေတတ်တာပေါ့။
---သူတို့လည်း ကင်းသမား ဟိုကလည်း ကင်းသမား ကင်းသမားအချင်းချင်း ကင်းတုတ်ခံရတာ---ညံ့တဲ့ကောင်--ကြက်ပဲပေါ့။
ကင်းဦးကင်း ကြက်ဦးကြက်မဟုတ်လား၊ မင်းတဲအီကင်းသားဆိုတာ တစ်ခါတစ်လေ အဲသလို ကြက်ဘဝလည်း ရောက်ဦးမှ----မှတ်မှာ။
တစ်ခါတုန်းက အမှတ်တရများပြောပါတယ်။

[ မသိလို့ မေးတဲ့ဟာကို---]


ပြောလို့ ပြောတာဟုတ်ဘူး တို့လေးလေးက သေချာကြည့်ရင် အရမ်းကို သပ္ပာယ်ဘို့ကောင်းတာပါလား
ဟေ---ချောတယ်လုပ်ပါဟ
အင်း---ကျနော် စကားလုံး မရှာတတ်လို့ ပြောချင်တာ အဲလို--- ပြီးတော့ ကြည်ညိုစရာလည်း အလွန်ကောင်းတာပါဆိုမှ
ငင်---လုပ်ပြန်ပီ--လေးစားတယ်လုပ်ရင် ရပါတယ် ဟ
ဟုတ်တယ် ဟုတ်တယ်--အဲလို အဲလို ပြီးတော့လေ--
ကြောက်တောင်လာပြီ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်လာပြီကွ ကြာရင် ငါ့ကို ဂျာနယ်တွေ မီဒီယာတွေထဲ ပါအောင် မလုပ်ပါနဲ့
ဘာ လို့ လဲ
အရှင်လတ်လတ် မြေမြိုသေတဲ့မသာဆိုပြီးကျော်ကြားနေမှဖြင့်
ဘာဖြစ်လို့ လေးလေးက မြေမြိုသေရမှာလဲ
မင်းပြောနေတဲ့ စကားလုံးတွေက ငါနဲ့ မတန်မရာကြီးလေကွာ တစ်ခြား စကားလုံး သုံးစရာတွေ အများကြီးပါကွာ မင်းဟာက
မဟုတ်ပါဘူးလေးလေးရဲ့ ကျနော် အံ့သြ]နေတာ တစ်ခုရှိတယ် အဲဒါ မေးမလို့
အင်း--လုပ်ပါဦး
လေးလေးခေါင်းက တစ်ခါတစ်ခါ ဘာလို့ တန်ခိုးတေဇာ ဣဒ္ဓိပါဒ်တွေ ထွက် ထွက် နေတာလဲ မသိဘူးနော်
ငွားးးးးးးးးးး---ဘာ တန်ခိုးတေဇာဣဒ္ဓိပါဒ်တွေဟုတ်လား ဒီကောင်တော့ ငါ လုပ် လိုက်ရ
ဟုတ်ပါဘူး ရှိန်ရှိန် ရှိန်ရှိန်နဲ့ အခိုးတွေလိုလို အရောင်တွေလိုလို ထွက်ထွက်
နေလို့ မေးကြည့်တာ ဒါလေးမေးတာ အော်စရာလား လေးလေးရဲ့
အဲဒါ တန်ခိုးဣဒ္ဓိပါဒ်တွေ မဟုတ်ဘူးဟ
ရောင်ခြည်တော်တွေ ရောင်ခြည်တော်တွေ ကွန့်မြူးနေတာ ရှင်းပလား၊ တကတည်းကွာ မိန်းမနှစ်ယောက်နဲ့ ဗျာများပြီး ဦးနှောက်ခြောက် ခေါင်းမီးတောက် နေပါတယ်ဆိုမှ သူကတစ်မှောက်---တစ်ခါတည်း မြေမြိုသွားလည်း အေးရော--မထူးတော့ဘူး---ကိုင်း