လူတန်းစား မရွေးနဲ့ကွ အကုန်ပေါင်း
သူခိုးလည်း ပေါင်း ဓားပြလည်းပေါင်း
အားလုံးနဲ့ အဆင်ပြေအောင်သာပေါင်း
သူခိုးနဲ့ပေါင်းတော့ ကိုယ့်အိမ်အခိုးမခံရဘူး
ဓားပြနဲ့ပေါင်းတော့ ကိုယ့်အိမ် အတိုက်မခံရဘူး------တဲ့

တက္ကသိုလ်တက်ခိုင်းတယ်ဆိုတာ----အပေါင်းအသင်းရှာခိုင်းတာ
မင်း---မြန်မာစာအဓိကနဲ့ရတဲ့ ဘွဲ့လောက်နဲ့တော့
သုံးစားရမယ် မထင်ပေါင်
ကျောက်စာလေး ဘာလေး ဟုတ်တိပတ်တိ ဖတ်တတ်မယ်ဆိုရင်တော့
ပုဂံမှာ----သန့်ရှင်းရေးနဲ့ ဘုရားစောင့်လောက်တော့ ရမှာပေါ့
(တင်း တယ် ဗျာ)
နောက်ဆုံး--
မင်း ဆိုက္ကားနင်းစားရဦး
မင်း သူငယ်ချင်းက စည်ပင်ကအရာရှိဖြစ်နေပါပြီတဲ့
အနည်းဆုံးတော့ မင်း ဆိုက္ကား အဖမ်းမခံရလောက်ဘူးပေါ့ကွာ---တဲ့
(တင်း တယ် တစ် ကယ် ကို တင်း နေ ပြီ)

ပြောပုံက---သူ့သားတော်မောင်ကို
အတော်လေး အထင်ကြီးထားခဲ့ပုံ ရပါတယ်
အင်း---သူ့ခံယူချက်နဲ့ သဘောထားက ဆိုးတော့ မဆိုးဘူးလို့ ပြောရမယ်
ဟုတ်တယ်--
ကျနော့်အဖေက လူစုံပေါင်းတယ်၊ ပန်းထိမ်ဆရာ မိုက်သူကြီးကိုး---
လူစုံ ဘယ်လောက်အထိ ပေါင်းသလဲဆိုရင်
သင်္ချိုင်းမှာ ကျင်းတူးတဲ့ သုဘရာဇာတွေနဲ့ကို အဖွဲ့ကျအောင် ပေါင်းခဲ့တာ
သင်္ချိုင်းထဲမှာ နွားကျောင်းရင်း ကျင်းတူးနေတဲ့ သူလောက်တင်
ခင်တာ မင်တာတောင် မဟုတ်ဘူး
သူတို့ တစ်တွေ နေထိုင်ကြတဲ့---ရွာထဲအထိကို လိုက်ပြီး အဖွဲ့ကျ
ကိုယ့်အိမ် ကိုယ်ယာလိုကို သဘောထားပြီး သွားလာ လည်ပတ်ခဲ့တာ၊

အဖေဟာ ပန်းထိမ်လုပ်ငန်းပြင် တစ်ဖက်တစ်လှမ်းက မွေးမြူရေး လုပ်ငန်းပါ
တွဲလုပ်ပါတယ်၊ ကျနော်ကလည်း သိတတ်စအရွယ်ရောက်နေပြီဆိုတော့
မိသားစု လုပ်ငန်းဖြစ်နေတော့လည်း လုပ်ရတော့တာပေါ့လေ၊
(မွေးမြူရေးပိုင်းကို ရေးပြီး မိတ်ဆွေတို့ကို သီးသန့် ဒုက္ခပေးပါဦးမယ်)

အဲသလို ရွာထဲအထိ လည်ပတ်ခြင်း မိတ်ဆွေဖွဲ့ခြင်း တည်ခင်းတဲ့
ထန်းလျက်နဲ့ ရေနွေးကြမ်းကို မြည်းရင်း အာဖောင်ခဲ့တာဟာ
တစ်ဖက်က စီးပွားရေးလည်း ပါသတဲ့----

သူ့စီးပွားရေး ပါပုံကြီးက ကြက်သီးထဘို့တော့ အလွန်ကောင်းသည်
ကြည့်လေ----ပန်းထိမ်ဆရာ မိုက်သူကြီးဆိုတော့ အကုန်ဝယ်တာ
ဘာတွေ ဝယ်သလဲ
ရွှေသွားတွေ ဝယ်တာ
သူတို့က လက်ကိုင်ပုဝါလေးနဲ့ ထုပ်ထားတဲ့ ပစ္စည်းလေးတွေ
လာလာရောင်းတယ် အဖေကလည်း ဝယ်တာပဲ
အမေကလည်း လူကဲခတ်မညံ့ခဲ့ပါဘူး၊ လာတဲ့သူတွေရဲ့ ပုံစံနဲ့
အနေအထားကို ကြည့်ပြီး သင်္ကာမကင်း ဖြစ်တော့
တော် ဘာတွေဝယ်တာလဲ၊ ဘာတွေ လာရောင်းသွားကြတာလဲ
ဆိုပြီး အဖေ့ကို မေးတော့ အဖေကလည်း အမေကြောက်မှာစိုးတာနဲ့
ဘာမှ မဟုတ်ပါဘူး နားကပ်ပါ၊ လက်စွပ်ပါ နဲ့ ဝေ့ဝိုက်ဖြေပေမယ့်
အမေက မရပါဘူး၊ ဇွတ်အတင်း ပြခိုင်းတော့ အဖေလည်း နောက်ဆုံး
လက်ကိုင်ပုဝါလေး ဖြည်ပြလိုက်ပါလေရော
အမလေး သွားတွေ-------
အမေ တုန်တက်သွားတယ်၊
မရဘူး အဲဒါတွေ အိမ်ထဲမထားနဲ့၊ ထားရင် ကျမ မနေဘူး လို့ ပြောတာနဲ့
အဖေလည်း ညည ဆို အဲဒီ ရွှေသွား အထုပ်လေးယူပြီး ဓမ္မာရုံဘေးက
လက်ခုပ်ပင်ကြီးအောက်ကို ကျင်းကလေး တူးတူးပြီး သွားမြုပ်ရတော့
တာပေါ့၊ နို့မို့ မတွေးရဲစရာပါလားနော်
အမေ့ခမျာ ကြားဘူးနားဝကလည်း ရှိထားတယ်လေ ----
ညအခါများ ငါ့ သွား ပြန် ပေး ဆို လက်ဖြန့်တောင်းနေမှဖြင့်
ကျနော်ကတော့ သိပ် သိတာမဟုတ်တော့ ကြောက်စရားဆိုတာ ဂဃနဏ
မသိပေမယ့် အမေကတော့ အရင် အသက်ထွက်မှာ သေချာပါတယ်၊

အဲသလိုပါဆို အဖေက ကျနော့်ကို သွန်သင်ခဲ့သလိုမျိုး သူကိုယ်တိုင်လည်း
လူမျိုးမရွေး ပေါင်းချက်ကတော့ ကမ်းကို ကုန်ရောပါဆိုမှ

အဲ--အဖေ အဲသလို ပေါင်းခဲ့တဲ့အတွက်ကြောင့် စံစားခဲ့ရတဲ့ ရလာဒ်
အကျိုးကျေးဇူးတစ်ခု မှတ်မှတ်ရရ ရှိခဲ့ဘူးပါတယ်

တစ်နေ့ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်(ယခုကွယ်လွန်)တို့
နှစ်ယောက်ဟာ ဆင်မြရှင်ကျောင်း အရှေ့ဘက် လမ်းကြားလေးအတိုင်း
တောင်ကနေ မြောက်ထဲအသွား၊ လမ်းကလည်း ကျဉ်း
လူသွား လူလာကလည်း ပြတ်နေတဲ့အချိန်
ထိပ်တိုက် တွေ့ကြပါလေရော၊ ကိုယ်လို ရွယ်တူ တစ်သိုက်
သူတို့က မြောက်ကနေ တောင်ကို လာနေကြတာ၊ ပြောလိုက်တဲ့စကားက
အလွန် ချစ်စရာကောင်းပါတယ်
သိပ်ကွာ အဲဒီ နှစ်ကောင်
အလို----အလကားနေရင်း ဘလိုင်းကြီး၊ သည်ကလည်း လူကသာ
ငယ်သေးတာ၊ ကိုယ်နဲ့ ရွယ်တူတွေပဲ၊ အများနဲ့ နှစ်ယောက်၊
မင်းတဲအီကင်းသားပဲ သတ္တိ မကြောင်တတ်ပါဘူး၊

မလုပ်ပါနဲ့ဗျာ---ကျနော်တို့ ဘာလုပ်မိလို့လဲ မလုပ်ပါနဲ့ဗျ
နှစ်ယောက်သား အီကင်းသား သတ္တိကတော့ ပြသပေါ့၊
ကြောက်လိုက်တာလေ၊ အသက် ဘယ်က ထွက်ရမှန်းကို မသိဘူး

ဘာလုပ်လုပ် မလုပ်လုပ် ထိုးကွာ အဲ့ နှစ်ကောင်
သွားပြီ---မရတော့ဘူး၊ ပုံစံတွေက အဟုတ် ဗျင်းမယ့်ကောင်တွေ
ဘုရားတပြီး မျက်စိသာ စုံမှိတ်ထားလိုက်ရတော့သည်

အမေရေ ကယ်ပါဦး--------စိတ်ထဲက အမေ့ကို တမ်းတမိသည်
ဟေ့ ဟေ့ နေဦးကွ--ဒါ ဒါ ဟို ဘကြီးသား ထင်တယ်ကွ မလုပ်နဲ့ မလုပ်နဲ့
ဟင်----ဟိုဘကြီးသား--------အဖေ့ကို ပြောတာနေမှာ
ဟာ---ဟေ့ကောင် ပြောစမ်း မင်း ဟို ပန်းထိမ်ဆရာကြီး သားမဟုတ်လား
ဟုတ် ဟုတ် ပါတယ် ခင်ဗျ
အေး မင်း နာတော့မလို့--ကံကောင်းတယ်မှတ်---
ငါ့လက်သီးက---ယားနေတာ ဟင်း ဟင်း သွား သွား တော့

တဲ့--------။ အောင်မလေး---------မောင်မင်းကြီးသားများ
ကျန်းမာလို့ ချမ်းသာတော် မူကြပါစေဗျာ
ကျန်းမာလို့ ချမ်းသာတော် မူကြပါစေဗျာ
တစ်ဆက်တည်း အဖေ့ကိုလည်း ကျေးဇူးတော်အနန္တတွေနဲ့ အတုံးလိုက်
အတစ်လိုက်ကို တင်လိုက်တာမှ--မပြောပါနဲ့တော့

အင်း------အဖေရဲ့---လူမျိုးမရွေး ပေါင်းကွ ဆိုတဲ့ ခံယူချက်က
သည်နေရာမှာ---အတော်အသုံးဝင်ပြီး
မျက်ခွက်စုတ်ပြတ်ပြီး ခေါင်း အားလူးသီးထွက်ရမယ့် အရေးက
သီသီကလေးလွှတ်သွားခဲ့ရတာပေါ့။
အဖေ ကယ်ပေးလိုက်တာပါလားနော်၊
အော်-------ကျေးဇူးကြီးပေ တို့ဖေဖေ

(တစ်ခါက-------ကျေးဇူးရှင် တို့များရဲ့ ဖေဖေ သို့----------
ဖေဖေ တဲ့ လျှာယားတာနော်--------တစ်ခါမှ အဲလို မခေါ်ဘူးလို့---
အဖေ-----------လို့ပဲ ခေါ်ခဲ့တာကိုး------------ဗျ)